DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့်ထာဝရမိတ်ဆွေကောင်းဖြစ်ရေး ဆက်ကြိုးပမ်းမည်ဟု ထိုင်းစစ်ဦးစီးချုပ် ပြော
DVB
·
January 21, 2023
မြန်မာစစ်တပ်နှင့်ထာဝရမိတ်ဆွေကောင်းဖြစ်ရေး ဆက်ကြိုးပမ်းမည်ဟု ထိုင်းစစ်ဦးစီးချုပ် ပြော
Donate to DVB

ထိုင်းနဲ့ မြန်မာရှိရင်းစွဲ ဆက်ဆံရေးနဲ့ မိတ်ဖက် ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရေး ထာဝရ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပြီး ထိုင်းတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက်တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့  ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ဖွန်စရီဆာဝပ်ဒီက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေ Pristine Mermaid Resort မှာ ဇန်နဝါရီ ၂၀ ရက်က ကျင်းပတဲ့ (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးမှာ ထိုင်းစစ်ဦးစီးချုပ်က ပြောကြားလိုက်တာလို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ပူးတွဲအစည်းအဝေးတွေ ကျင်းပနိုင်ခဲ့ခြင်း မရှိပေမဲ့ မြန်မာ့ တပ်မတော်နဲ့  ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍတွေကို  မိမိအနေနဲ့ အမြဲဦးစားပေး ဆောင်ရွက်နေကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ချိန်မှာလည်း ဆေးဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထိုင်းစစ်ခေါင်းဆောင်က ပြောပါတယ်။

အခုအစည်းအဝေးကနေ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် လမ်းကြောင်းနဲ့ နည်းလမ်းတွေကို ချမှတ်နိုင်မယ့်အပြင် နယ်စပ်ဒေသရှိ တပ်ဖွဲ့တွေအနေနဲ့လည်း ချမှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း ပူးပေါင်းဆောင် ရွက်မှုတွေဆက်လက်ဆောင်ရွက်နိုင်မှာဖြစ်ပြီး နယ်စပ်ဒေသတလျှောက်ရှိ နှစ်နိုင်ငံ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လုံခြုံမှုနဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေကို တည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ထိုင်းစစ်တပ် အကြီးအကဲက ပြောပါတယ်။ 

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မိမိတို့နှစ်နိုင်ငံဟာ အိမ်နီးချင်း နိုင်ငံတွေဖြစ်တာနဲ့အညီ ခိုင်မာပြီး ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ရှေးယခင် ကတည်းကပင် တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ အခုအစည်းအဝေးကနေ တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုတိုးတက် အားကောင်းလာစေဖို့ တည်ဆောက်နိုင်မယ်လို့ကြည်ပါကြောင်း မြန်မာစစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာတော့ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်တွေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသမှ ပြည်သူလူထုတွေ ငြိမ်ချမ်းတည်ငြိမ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ကာကွယ်တားဆီးရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီဂ သဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ထိုးခဲ့ကြတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီဟာ လက်ရှိကာလမှာ ပြည်တွင်းပြည်ပဖိအားတွေ နိုင်ငံအရေး အခက်အခဲ အကျပ်အတည်းတွေ၊ စီးပွားရေးပိတ်ဆို့မှုတွေ မကြုံစဖူးကြုံတွေ့နေရပြီး ခိုကိုးရာမဲ့အနေအထား တဖြည်းဖြည်းနီးကပ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံစစ်ခေါင်းဆောင်ကို အားကိုးတကြီးတွေ့ ဆုံတာဖြစ်တယ်လို့ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အပေါ်  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ပြောခွင့်ရသူ ပဒိုစောတောနီးက သုံးသပ်ပြောပါတယ်။

“သူတို့ဖိအားပေးခံနေရတဲ့အနေအထားက ထုနဲ့ထည်နဲ့ဖြစ်လာတဲ့အခါ တကမ္ဘာလုံးကလည်း ဝိုင်းကျင်နေတဲ့အခါ အာဆီယံမှာပါ သူလုံးဝ နေရာမရတဲ့အခါကျတော့ ဒါက ထွက်ပေါက်ရလိုရငြားဆိုပြီး‌တော့ ကျနော်တို့မြင်တာကတော့ ကောက်ရိုးတမျှင်စာ အားကိုးတာပဲဖြစ်မယ်။ ဒီလောက်လည်း ထူးခြားလာမှာမဟုတ်ဘူး။ ဘာလို့လို့လဲဆိုတော့ ပြည်တွင်းရေးရာဆန့်ကျင်မှု ဒီထက်ပိုပြီးတော့ ပိုပြီးတော့ ပြင်းထန်လာဖို့ရှိတယ်။ နိုင်ငံတကာရဲ့ဖိုအားလည်း ပိုပြီးတော့ ပြင်းထန်လာဖို့ရှိတယ်။ အဲဒီအထဲမှာတော့ အိမ်နီးချင်းနိုင်ငံတွေရဲ့ သူ့အပေါ်မှာ ဘယ်လောက်ပဲ နားလည်မှုရှိမယ်ဆိုပေမဲ့ ဒီရဲ့ ဖိအားတွေကိုတော့ တော်ရုံတန်ရုံခံနိုင်မှာမဟုတ်ပါဘူးလို့ယူဆတယ်။ အဲဒါကြောင့် သူလုပ်တဲ့ဟာတွေကသိပ်ပြီးတော့လည်း အရာရောက်မှာမဟုတ်ဘူးလို့မြင်တယ်။”

နှစ်နိုင်ငံစစ်ခေါင်းဆောင်တွေရဲ့ ငပလီတွေ့ဆုံပွဲမတိုင်ခင် သီတင်းတပတ်လောက်က ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးဝါးနဲ့ဆက်စပ်ပြီးဖမ်းဆီးရမိမှုမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုကိုပါဝင်နေတာ ထိုင်းရဲက တွေ့ရှိခဲ့သတင်းတွေ ထွက်ပေါ်ခဲ့တာကြောင့် အခုဆွေးနွေးပွဲမှာလည်း မူးယစ်ဆေးကိစ္စတွေ ပါနိုင်တယ်လို့ (ကေအန်ယူ) ပြောခွင့်ရသူ ပဒိုစောတောနီးက သုံးသပ်ပြောပါတယ်။

“လက်ရှိကာလမှာ ဟိုလေးတကျော်ဖြစ်တဲ့ကိစ္စတွေကဘာလဲဆိုတော့။ သူ့နိုင်ငံထဲမှာဖြစ်ရှိနေတဲ့ဥစ္စာပေါ့နော်။ မင်းအောင်လှိုင်နဲ့နီးစပ်တဲ့ လက်နက်ကုန်သည် ပွဲစားဆိုပြီးတော့ အဖမ်းခံရတဲ့လူတွေ၊ နောက်ပြီးတော့ သူ့ရဲ့သားသမီးဆွေမျိုးတွေရဲ့အဲဒီမှာ ဖမ်းမိနေတဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကလည်း အဲဒီမှာ ရှုပ်ယှက်ခတ်နေတာပဲ။ တဖက်မှာ နယ်စပ်ပြဿနာကလည်း အများကြီးရှိ နေတယ်။ နယ်စပ်ဖြတ်ကျော်ပြီးတော့ မူးယစ်ဆေးဝါးတို့ လူမှောင်ခိုကူးတာတို့ ဒီထက်မကအများကြီးရှိတယ်။ နယ်စပ်မျဉ်းကြောင်းတလျှောက်ကလည်း တော်တော်လေးရှည်တဲ့အခါကျတော့ အခု ပြည်တွင်းမှာ ရင်ဆိုင်နေရတဲ့ စစ်ရေးအရှိန်က တဖြည်းဖြည်းမြင့်လာတဲ့အခါမှာ သူ့ရဲ့မြေပြင်တပ်တွေကလုံးဝ မောင်းလို့မရတော့ဘူး ။ အဲဒါကြောင့် သူကလေကြောင်းကိုပဲ ပိုပြီးတော့ ဖိတယ်။ ဆိုတော့ တတ်နိုင်သလောက်က သူ့ရဲ့ အဖြေတခုပဲကျန်တော့တယ်။ ဘာလို့လဲဆိုတော့ တခြားအားကိုးစရာဘာမှ သိပ်မရှိတော့ဘူး။ လေကြောင်းကိုပဲအားကိုးတော့မယ်၊ ရက်ရက်စက်စက်လုပ်ပြမယ်။ အဲဒီခါမှာ ထိုင်းရဲ့ တစုံတရာ နားလည်မှုတခုခုတော့ လိုအပ်လိမ့်မယ်လို့ ယူဆတဲ့အပေါ်မှာ ဒီအခါမှာကတော့ အနည်းဆုံး သူက ငိုပြမယ့်အနေအထားမြင်နေရတယ်လိုပဲ ပြောရမှာပဲ။”

မြန်မာခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ချိမှုနဲ့ ထိုင်းရဲက ဖမ်းဆီးချိန် သိမ်းဆည်းရမိခဲ့တဲ့ ပစ္စည်းတွေမှာ ဘန်ကောက် Belle Rama 9 ကွန်ဒိုက မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တဲ့  အိမ်ခန်းလေးခန်းပါ အဆင့်မြင့် ဇိမ်ခံကွန်ဒိုအခန်းတခန်း၊ မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန် နာမည်နဲ့ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ်တို့ပါဝင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့က အထောက်အထားတွေ တွေ့ခဲ့တာလို့ Justice For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013