Home
မြန်မာသတင်း
ဆောမြို့ ဒေသခံပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး၊ ရေစကြိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
January 20, 2023
Saw
Kyauk Htu
324079536_541185961093094_7993980956342334700_n
325495361_920604289291181_4421264458996476539_n

မကွေးတိုင်း၊ ဆောမြို့နယ်မှာ ဇန်နဝါရီ ၁၉ ရက် မနက်ပိုင်းက ရွာသား ၄ ယောက်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကျောက်ထုဒေသ ပန်ဆန်းကျေးရွာကို စစ်ကောင်စီတပ်မ ၅၅၊ ၁၁၊ ၁၀၁ ပူးပေါင်းစစ်ကြောင်း အင်အား ၇၅ ယောက်လောက်ဟာ ဇန်နဝါရီ ၁၉ ရက် မနက် ၄ နာရီလောက်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူ ၅ ယောက်ကို ဖမ်းဆီးကာ တယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ကျောက်ထုမြို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူ ၄ ယောက်ကိုတော့ ပန်ဆန်းရွာ စာသင်ကျောင်းမှာ ရိုက်နှက် စစ်ဆေးပြီး  ဒီနေ့ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းအထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။

“စစ်(...)တွေကတော့ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးရုံသာမက PDF၊ PDF ထောက်ပံ့သူ၊ PDF သတင်းပေးဆိုပြီး အပြစ်မဲ့ပြည်သူတွေကို အကြောင်းအမျိုးမျိုး ပြကာ မတရားစွပ်စွဲ ဖမ်းဆီးတာတွေ ပြုလုပ်သလို ငွေကြေးနဲ့ ပြန်ရွေးခိုင်းတာတွေလည်း ဆက်တိုက်ပြုလုပ်နေကြတယ်။ အဲဒီ စစ်(...)တွေဟာ ပန်ဆန်းရွာမှာ ညအိပ်စခန်းချပြီး ဒီနေ့ မနက် ၉ နာရီလောက်မှာ ပန်ဆန်းရွာလမ်းဆုံက ထိပ်တန်း စားသောက်ဆိုင်နားမှာ လမ်းသွားလမ်းလာ ကားတွေ၊ ဆိုင်ကယ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်။”

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူ ရှိနိုင်တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ကြီးကန်ရွာဘက်ကို ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက်လောက်ကို မနေ့မွန်းလွဲ ၂ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးသီးတလုံး ဖြုတ်ချတိုက်ခိုက်ခဲ့သလို ညနေ ၃ နာရီလောက်မှာလည်း နောက်ထပ် ဗုံးသီးတလုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရတဲ့သူတွေ ရှိနိုင်ကာ နာရေးကူညီမှုကားတွေနဲ့ လာရောက်သယ်ယူသွားတယ်လို့ သိရပြီး အတိအကျ သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး ရေစကြို ပ.က.ဖ က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ရဲဘော်ဝေကြီးက ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၂,၀၀၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024