Home
မြန်မာသတင်း
ကမ္ဘာ့စီးပွားရေးကျဆင်းမှု မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုမရှိနိုင်ဟု သုတေသီများသုံးသပ်
DVB
·
January 20, 2023

ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအပေါ်သာ တိုက်ရိုက်ထိခိုက်မှု ရှိနိုင်ပြီး မြန်မာကတော့ စာရင်းမရှိတဲ့အတွက် ရိုက်ခတ်မှုမရှိနိုင်ဘူးလို့ စီးပွားရေး သုတေသီတွေက သုံးသပ် ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုဟာ အခုနှစ်မှာ ဆိုးဆိုးဝါးဝါး ကြုံနေရပါတယ်လို့ ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါကတော့ ကမ္ဘာ့ကပ်ရောဂါနဲ့အတူ ယူကရိန်း နိုင်ငံအပေါ် ရုရှားနိုင်ငံရဲ့ ကျူးကျော်စစ်ပွဲတို့ကြောင့် ကမ္ဘာ့စီးပွားရေးကို ကျဆင်းစေတဲ့ အဓိက အခြေခံအကြောင်းရင်းတွေ ဖြစ်တယ်လို့ အစီရင်ခံစာက  ထောက်ပြထားပါတယ်။

အစီရင်ခံစာရဲ့ အဆိုအရ ကမ္ဘာ့စီးပွားရေးဟာ ဒီနှစ်ထဲမှာ ၁ ဒသမ ၇ ရာခိုင်နှုန်းသာ တိုးတက်မှုရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ် ဇွန်လက ခန့်မှန်းခဲ့တဲ့ အခြေအနေနဲ့ယှဉ်ရင် ၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စီးပွားရေး အခုလို ကျဆင်းမှု ရှိလာတာဟာ နိုင်ငံတကာနဲ့ ချိတ်ဆက်ကုန်သွယ်မှု ရှိနေတဲ့ နိုင်ငံတွေအတွက်သာ တိုက်ရိုက်ထိခိုက်မှု ရှိနိုင်ပေမဲ့ မြန်မာကတော့ စာရင်းထဲမှာ မရှိတဲ့အကြောင်း သုတေသီတွေက ထောက်ပြထားပါတယ်။

နိုင်ငံတကာကုန်သွယ်မှုအကြောင်း စောင့်ကြည့်လေ့လာနေတဲ့ စီးပွားရေးသုတေသီတဦးက “မြန်မာပြည်က ကမ္ဘာ့စီးပွားရေးနဲ့ ဘာမှ ဆက်စက်မှု သိပ်မရှိဘူး။ သေးသေးလေး။ အခုဆိုရင် ပိုဆိုးတာပေါ့။ အဲ့တော့ မဆိုင်သလိုဖြစ်နေတာ။ ထိုင်းဆိုရင်တော့ အဲ့လိုမဟုတ်ဘူး။ ထိုင်းက ပို့ကုန်ရော သွင်းကုန်ရော များတယ်။ ဘီလီယံ ၃၀၀ ကျော် ရှိတယ်နော်၊ ပို့ကုန်တခုတည်းတင်။ အဲ့ဒါကြောင့် ထိုင်းအစိုးရက ပို့ကုန်ကျမှာ သူတို့ကြောက်နေကြတာရှိတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ့စီးပွားရေးကျရင် သူတို့ပို့ကုန်တွေကို လာထိမှာ။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ပို့ကုန်လုပ်နေတဲ့ စက်ရုံတွေက ၂၀ ရာခိုင်နှုန်းရှိတယ်။ အဲ့စက်ရုံတွေထဲက တချို့ ပိတ်လိုက်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်။ အဲ့လိုဖြစ်လာရင် ထိုင်းမှာ အလုပ်လက်မဲ့တွေ များလာနိုင်တယ်။ ဒါကို သူတို့ စိုးရိမ်နေကြတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ မြန်မာပြည်အနေနဲ့က ကမ္ဘာ့စီးပွားရေးကျတာဟာ သိပ်မဆိုင်သလို ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးဟာ ကျဆင်းမှုရှိလာတယ် ဆိုပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး (GDP) ဟာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ၃ ရာခိုင်နှုန်းကျော် တိုးတက်မှု ရှိတဲ့အကြောင်း အငယ်စား၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင် (MSME) တွေနဲ့ တွေ့ဆုံပြီး မကြာခဏ ပြောဆိုလေ့ရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး စီးပွားရေးဆိုင်ရာအကြံပေး ဆောင်ရွက်နေတဲ့ သုတေသီတဦးက “အဲ့ဒါတွေကတော့ သူတို့ပြောနေတာပဲ။ အရင် စစ်အစိုးရလက်ထက်တွေမှာလည်း အခုလိုပဲ ပြောခဲ့တာပဲ။ အဲ့ဒါတွေက တကယ့် မြေပြင်အခြေအနေနဲ့ မနီးစပ်ပါဘူး။ ချဲ့ကားပြီး ပြောတာတွေပါ။ ပိုဆိုးတာက အခုဆိုရင် ဒေတာ အချက်အလက်တွေက အမှန်အတိုင်း မရနိုင်တော့ဘူး။ သူတို့ပါးစပ်ထဲမှာ ရှိတဲ့အတိုင်း ပြောချင်သလို ပြောနေတာ။ ဒါပေမဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က ခန့်မှန်းထားတာက မြန်မာပြည်ရဲ့ GDP က ၁ ရာခိုင်နှုန်းတောင် တိုးတက်မှုမရှိသေးဘူး။ တိုက်ရိုက်ပြောရရင် နိုင်ငံရေး မတည်ငြိမ်သေးသမျှ တိုင်းပြည်စီးပွားရေးက နာလန်ပြန်ထူဖို့တောင် မလွယ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ် ဇွန်လ ၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ (Global Economic Prospects) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အလားအလာများ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများစာရင်းမှာ မြန်မာနိုင်ငံကို မသေချာ မရေရာမှုတွေကြောင့်  ချန်လှပ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024