
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးက ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၉ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မှော်ရွာသူတဦးက “သူတို့ ရွှေစာရေးရွာနားရောက်ကတည်းက ရွာကလူတွေက ရွာထဲမနေဘဲ ထွက်ပြေးနေရတယ်။ ရွာထဲမနေတာ ၂ ရက်လောက်ရှိပြီ။ ဒီနေ့ကြတော့ ရွာနားရောက်လာပြီး ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ အဲဒီလိုပစ်ခတ်ပြီး မော်တော်တစီးနဲ့ စစ်သား ၅၀ လောက်နဲ့ ရွာဆိပ်ကမ်းကို ရောက်လာတယ်။ ရွာထဲကို ဘာတွေလုပ်ထားမယ်တော့ လောလောဆယ် မသိရသေးဘူး။ သူတို့မော်တော် ၅ စီးကလည်း ရွာဆိပ်ကမ်းမှာ ကပ်ထားတယ်။ နောက် သူတို့ ဖလက်သံခွံ ၁ စင်းကတော့ ကနီနယ် သပြေတောရွာအနီး သောင်တင်နေတုန်း” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီ မော်တော်တွေနဲ့ ကနီဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ မုဌောရွာအနီး တိုက်ပွဲ ရက်ရှည်ဖြစ်ပွားကာ မြစ်အထက်ပိုင်းကို ဆန်တက်လို့မရတာကြောင့် မြစ်အောက်ပိုင်းကို စုန်ဆင်းလာတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက လက်နက်တွေပစ်ဖောက်ပြီး ရွာအတွင်း ဝင်ရောက်နေတာကြောင့် အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ဒေသခံတွေဟာ ကျေးရွာအတွင်း နေထိုင်လို့မရဘဲ ဘေးလွတ်ရာ ထွက်ပြေးနေရကာ စစ်ကောင်စီက ရွာကို မီးရှို့သွားမှာလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ဇန်နဝါရီ ၁၉ ရက် မနက်က စစ်ဘေးရှောင်တွေကို ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အခုထောက်ပံ့ပေးခဲ့တဲ့ စစ်ဘေးရှောင်တွေဟာ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၆ ရက်မှာ စစ်ကောင်စီတပ်က ရွာတွေကို မီးရှို့ခဲ့တာကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာ ၁၀ ရွာက ဒေသခံတွေကို ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုလဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ခေါင်းဆောင် ဦးဇော်ထက်က “ကျနော်တို့ မီးလောင်ပျက်စီးခဲ့တဲ့ရွာတွေ အပါအဝင် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ ၁၀ ရွာက စစ်ဘေးရှောင်ပြည်သူတွေဆီ အကူအညီပေးတာတွေ ပြုလုပ်ခဲ့တယ်ဗျ။ စစ်ဘေးရှောင်စခန်းတွေကို အလှူငွေ ၂၇ သိန်း ထောက်ပံ့ခဲ့တယ်” လို့ ပြောပါတယ်။
ထောက်ပံ့ငွေကို စစ်ဘေးရှောင် စခန်းတိုင်းကို လူဦးရေအချိုးကျနဲ့ လတ်တလော စားသောက်ဖို့အတွက် ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေဟာ ခြုံစောင်နဲ့ ဆေးဝါးတွေ၊ အစားအသောက်တွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ ပုလဲမြို့နယ် စစ်ဘေးရှောင်တွေသာမက မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ဘေးရှောင်တွေလည်း ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုလဲပကဖအနေနဲ့ အဆိုပါစစ်ဘေးရှောင်တွေထဲက အသက် ၈၀ နှစ်အထက် အဘိုးအဘွားတွေကိုလည်း တဦးကို ၅,၀၀၀ နှုန်းနဲ့ ထောက်ပံ့ခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။