
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ရွာသစ်ကျေးရွာထိပ်မှာ ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးသေဆုံးပြီး သေနတ် ၃ လက်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ဒီဗွီဘီကို ပြောပါတယ်။
လမိုင်းမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၃၁၇) အမြောက်တပ်က ကျောင်းပို့ယာဉ် လုံခြုံရေးအတွက် ဆိုင်ကယ် ၃ စီးနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို ရေးပြောက်ကျားတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“အမှတ်(၃၁၇) အမြောက်တပ်က လုံခြုံရေးနဲ့ မော့ကနင်ကျောင်းကို လာပို့တာ၊ ပြန်လာတော့ ကျောင်းပို့ကားမပါတော့ဘူး၊ ရှေ့ပြေးဆိုင်ကယ်သုံးစီပဲ ပြန်လာတာ၊ အဲဒီတိုက်ခိုက်ခဲ့တာ”လို့ ဗိုလ်ကျန်ရစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ရတဲ့ တပ်ဖွဲ့ဝင် ၅ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့သလို သေနတ် ၃ လက်ကိုပါ ရေးပြောက်ကျားတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် အမှတ် (၃၁၇) အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မော့ကနင်ရွာထိပ် မော်လမြိုင်- ရေးကားလမ်းကို ပိတ်ဆို့ထားတာကြောင့် ကားအစီးအရေ ရာနဲ့ချီ ပိတ်မိတယ်လို့ မော့ကနင်ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရေးပြောက်ကျားတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာရှိ စစ်ကောင်စီ ထင်းရှုးနယ်မြေရဲစခန်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။