
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၈ နဲ့ ခြေမြန်တပ်ရင်း ခမရ-၃ တပ်ရင်းတို့ကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့ (HRS) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကောင်စီတပ်ရင်း ၂ ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့ (HRS) ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခလရ-၈ ကို ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘီးလင်းမြို့၊ ကဇိုင်းဆည်အနီးရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၃ တပ်ရင်းကိုလည်း ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာ အစည်းအဝေးလုပ်နေတဲ့ ခန်းမအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရှေ့တန်းထွက်ရမယ့် အရာခံဗိုလ် ၃ ဦး အပါအဝင် ၈ ဦး ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး တပ်ရင်းဆေးခန်းမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ကေအန်ယူ သထုံခရိုင် ပြောခွင့်ရ ပဒိုစောအေးနိုင်ကတော့ စစ်ကောင်စီတပ်၊ ရဲစခန်းနဲ့ ထွေအုပ်ရုံး တိုက်ခိုက်မှုဟာ မှန်ကန်ကြောင်းနဲ့ မြေပြင်အခြေအနေ အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
တဆက်တည်း အဲဒီနေ့မှာပဲ ဘီးလင်းမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုမှာတော့ ရဲ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ထွေအုပ်ရုံး အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဘီးလင်းမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး တိုက်ခိုက်မှုဟာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဒေါက်တိုင်အဖြစ် ဆောင်ရွက်တာကို ‘ပဏာမသတိပေးခြင်း’ မျှသာဖြစ်ပြီး စစ်ကောင်စီအလိုကျ ဆက်လက်လုပ်ပါက ထိရောက်ပြင်းထန်စွာ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့ (HRS) က သတိပေးထားပါတယ်။
KNLA နဲ့ သိမ်းငှက်တော်လှန်ရေးတပ်ဖွဲ့ (HRS) ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၉ တပ်ရင်းအပြင် ပိန္နဲတောစခန်းနဲ့ ဝီယောစခန်းတွေကိုလည်း ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာတော့ ကျုံလောင်းရွာဟောင်းကျေးရွာကို ဇန်နဝါရီ ၁၉ ရက် မနက်က ရေးဘီလူးအဖွဲ့သားတွေက ထိန်းချုပ်မြေနယ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဥ် စစ်ကောင်စီတပ်နဲ့ မိနစ်အနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
“နှစ်ဖက် အပြန်လှန်ပစ်ခတ်ကြပေမဲ့ စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကိုတော့ ဖျက်ဆီးလိုက်ပါတယ်။ ပြီးတော့ ဘေးကင်းလုံခြုံစွာ ပြန်ဆုတ်ခွာထားခဲ့တယ်” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ကျေးရွာဒေသခံတယောက်က “စစ်ကောင်စီတပ်နဲ့ PDF တွေဟာ မကြာခဏဆိုသလို ထိတွေ့မှုတွေ ဖြစ်ပွားလာနေတော့ ရွာမှာလည်း လူတွေ ဘယ်သူမှမနေရဲကြပါဘူး။ ရွာမှာ ညအိပ်စောင့်လောက်ပဲ လူတွေနေကြတယ်။ လူတွေက ခြံတွေမှာ နီးစပ်ရာ နေအိမ်တွေမှာ လိုက်နေရကြတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ကလည်း ရေးဘီလူးအဖွဲ့တွေဟာ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို မီးရှို့ဖျက်ဆီးထားခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပိတ်ဆို့တားမြစ်ထားတဲ့ကြားကနေ အခုလို ချုံခိုတိုက်ခိုက်ခံနေရပါတယ်။
စစ်ကောင်စီတပ်တွေက ဒီကနေ့မှာ မြို့အဝင်ထွက်နေရာတွေထဲမှ PDF တွေ ဝင်လာနိုင်တဲ့ လမ်းကြောင်းနေရာတွေကို ကင်းပုန်းတွေချထားပြီး ပိတ်ဆို့စစ်ဆေးနေခဲ့ပါတယ်။
နောက်ဆုံးအခြေအနေအရ ရေးဘီလူးအဖွဲ့ ထိန်းချုပ်နယ်မြေဘက် စခန်းအခြေစိုက်ရာဘက်ကို စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းပြီး ထပ်မံနယ်မြေရှင်းလင်းမှုတွေ လုပ်သွားဖို့ စစ်ကြောင်းထိုးသွားဖို့ရှိတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။