
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်မှုတွေ ဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးယာဉ်တန်းကို ဇန်နဝါရီ ၁၇ ရက် မနက် ၁၀ နာရီခွဲကျော်က နေရာ ၃ နေရာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မဟာမိတ်အဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ ကား ၃ စီး၊ ဆိုင်ကယ် ၁၀ စီးနဲ့ ငါန်းဇွန်မြို့နယ် ဂျပန်ကျွန်းရှိ ပြည်သူပိုင်ပစ္စည်းတွေ၊ နွားတွေကို အတင်းအဓမ္မလုယူပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး ပြန်လာချိန်မှာ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။
“ပွိုင့် ၃ ခုအနက် ပွိုင့် ၂ နဲ့ ပွိုင့် ၃ စတင်ဖောက်ခွဲတိုက်ခိုက်လိုက်ရာ သတ်ကွင်းအတွင်း ရောက်နေတဲ့ စခကားနှစ်စီးမှာ လမ်းအောက်ကို လွင့်စင်ကျသွားခဲ့ကြောင်း မျက်မြင်သက်သေအရ သိရှိရသည်။ ပွိုင့် ၂ နှင့် ပွိုင့် ၃ ဖောက်ခွဲပြီးသည့်နောက်တွင် နောက်မှကပ်ပါလာသော အကြမ်းဖက်စစ်ကောင်စီ ယာဥ်တစီးပေါ်မှ စ(--)များ ရမ်းသန်းပစ်ခတ်သောကြောင့် မိမိတို့ရဲဘော်များမှာ ဆုတ်ခွာရင်း ပွိုင့် ၁ သတ်ကွင်းပေါ်သို့ ရောက်လာသော စ(--)ယာဥ်အား ထပ်မံ၍ ဖောက်ခွဲတိုက်ခိုက်လိုက်သည်” လို့ Myitnge People Defense Force က ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၅ ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာသူတွေလည်း ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာတဲ့အတွက် ပတ်ဝန်းကျင်က ပြည်သူတွေကို ဖမ်းဆီးပြီး တဦးကို ပစ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုမှာ MN PDF Myitnge မန္တလေးခရိုင် အမှတ်-၅ တပ်ရင်း၊ စစ်ကိုင်းခရိုင် တပ်ရင်းအမှတ်-၄ MSPDF၊ ခုနှစ်စဥ်ကြယ်ပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့အင်အား (ငါန်းဇွန်)၊ ဇာဏီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၆ - STF (Ngazun) တို့ ပူးပေါင်းပါဝင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေး ညီနောင်မဟာမိတ်အင်အားစုတေွအနေနဲ့ ငါန်းဇွန်မြို့နယ်အတွင်း တော်လှန်ရေးလုပ်ငန်းစဥ်တွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။