DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ ငပလီတွင်တွေ့ဆုံ
DVB
·
January 19, 2023
မြန်မာစစ်ခေါင်းဆောင်နှင့် ထိုင်းစစ်ဦးစီးချုပ်တို့ ငပလီတွင်တွေ့ဆုံ
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ငပလီမှာ  မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာလမ်ပိုလ်စရီဆာဝပ်တ်တို့ ဇန်နဝါရီ ၁၉ ရက် ဒီနေ့ မွန်းလွဲပိုင်းက တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းစစ်ဦးစီးချုပ်ဟာ ငပလီမှာ ဇန်နဝါရီ ၁၉ ရက်ကနေ ၂၁ ​ရက်အထိ ၃ ရက်ကြာကျင်းပမယ့် ၈ ကြိမ်မြောက် ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ကော်မတီအစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာလို့ ဆိုပါတယ်။

အခုအစည်းအဝေးမှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံစစ်တပ်ကြား စစ်ဘက်ရေးရာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ်ဒေသတလျှောက် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာတွေ ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြထားပါတယ်။

ဒီအစည်းအဝေးသတင်းနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ် သံတွဲမြို့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက မြို့ပေါ်အနီးတဝိုက် လုံခြုံရေး တင်းကျပ်စွာ ချထားသလို လေဆိပ်သွားလမ်းတလျှောက်ရှိ စျေးဆိုင် ၂၀ ကျော် ဖြိုဖျက်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံရာမှာ နယ်စပ်ရှိ ဒုက္ခသည်တွေအရေး ဆောင်ရွက်နေတဲ့ ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးနဲ့ တခြားစီမံချက်တွေနဲ့ပတ်သက်တဲ့ အသိအမှတ်ပြုမှုတွေ ရရှိခဲ့သလို အနာဂတ်ကာလမှာ နှစ်နိုင်ငံစစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မယ့် မူဘောင်တခုချမှတ်ဖို့ သဘောတူနိုင်ခဲ့ကြပြီး မြန်မာစစ်ခေါင်းဆောင်က ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ထိုင်းအစိုးရရဲ့ ကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းစစ်ဦးစီးချုပ် မြန်မာကို မလာရောက်မီ တပတ်အလိုမှာပဲ ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးနဲ့ လက်နက်ပွဲစား ဦးထွန်းမင်းလတ်ရဲ့ နေအိမ်ကို သိမ်းဆည်းရှာဖွေရာမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ ကွန်ဒိုတိုက်ခန်းနဲ့ သမီးဖြစ်သူအမည်ပါ ထိုင်းဘဏ်စာအုပ်ကို ထိုင်းဘက်က သိမ်းဆည်းရမိထားခဲ့ပေမဲ့ စစ်ခေါင်းဆောင်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူထားတာတော့ မတွေ့ရဘူးလို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအစီရင်ခံစာ ထွက်ပေါ်ပြီးတဲ့နောက် စစ်ခေါင်းဆောင်နဲ့ သူ့မိသားစုပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက သေချာစုံစမ်းစိစစ်ပြီး ဖော်ထုတ်အရေးယူပေးဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းမှုတွေ ဆက်တိုက်ပေါ်ပေါက်နေချိန်မှာ ထိုင်းစစ်ဦးစီးချုပ်ရဲ့ မြန်မာခရီးစဥ် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ကော်မတီ ၉ ကြိမ်မြောက် အစည်းအဝေးကိုတော့ ထိုင်းနိုင်ငံမှာ ကျင်းပမယ်လို့ သတင်းတွေအရ သိရပါတယ်။

Photo-DSINFO

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013