DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ဈေးနှုန်းကန့်သတ်မှုကြောင့် ပြည်တွင်း ရွှေမှောင်ခို‌ဈေးကွက် ပေါ်လာ
DVB
·
January 19, 2023
စစ်ကောင်စီ ဈေးနှုန်းကန့်သတ်မှုကြောင့် ပြည်တွင်း ရွှေမှောင်ခို‌ဈေးကွက် ပေါ်လာ
Donate to DVB

စစ်ကောင်စီက ပြည်တွင်းရွှေဈေးနှုန်းကို ဈေးကွက်ပေါက်ဈေးအပေါ် အခြေမခံဘဲ တဖက်သတ် ကန့်သတ်ထားပြီး ဝင်ရောက်စွက်ဖက်နေတာဟာ မှောင်ခိုဈေးကွက်ပေါ်လာဖို့ တွန်းအားဖြစ်စေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

အကြောင်းရင်းက စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေဈေးနှုန်းကို နေ့စဉ် ထုတ်ပြန်ပေးနေပေမဲ့ ဈေးကွက်ပေါက်ဈေးနဲ့အညီ သတ်မှတ်တာမဟုတ်ဘဲ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ ရည်ညွှန်းဈေးနှုန်းဆိုပြီး ခေါင်းစဉ်တပ်ကာ ရွှေဈေးနှုန်းကို ထုတ်ပြန်ပေးနေပါတယ်။

ဒါဟာ ဈေးကွက်ပေါက်ဈေးအပေါ် အခြေမခံဘဲ တဖက်သတ် ကန့်သတ်လိုက်တဲ့ ဆိုးကျိုးကြောင့် ပြည်တွင်းရွှေဈေးကွက်မှာ တရားဝင် အရောင်းအဝယ်လုပ်တာ မရှိတော့တဲ့အကြောင်း ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေကုန်သည်တဦးက “ဒါက သူသူငါငါ မည်သူမဆို ဈေးမှန်မရဘူးဆိုရင် ရောင်းကြ ဝယ်ကြ ဘယ်လုပ်တော့မလဲ။ မလုပ်ဘူးဆိုတာ တရားဝင် ရောင်းကြ ဝယ်ကြတာကို ပြောတာနော်။ အဲ့တော့ ဘာဖြစ်သွားလဲ၊ မမြင်ကွယ်ရာမှာ ရောင်းကြ ဝယ်ကြပဲ လုပ်ကြတော့မှာပေါ့။ မဟုတ်ဘူးလား။ အခုပဲကြည့်လေ။ ရန်ကုန်တိုင်းရွှေအသင်းရုံးမှာ အရောင်းအဝယ် မရှိတော့ဘူး။ မဖြစ်နိုင်တဲ့ဈေးနဲ့ဆိုတော့ ဘယ်သူကရောင်းမှာလဲ။ သူတို့ကသာ ရွှေဈေးနှုန်း တည်ငြိမ်ရေးဆိုပြီး လုပ်နေပေမဲ့ ဈေးကွက်က ကသောင်းကနင်းတွေ ဖြစ်ကုန်ပြီ။ အရင်ကလည်း စစ်အုပ်ချုပ်ရေးအောက်မှာ ဈေးနှုန်းကို အခုလိုမျိုး လိုက်ပြီး ကန့်သတ်ခဲ့တာ ရှိတယ်။ ရွှေဆိုင်တွေမှာ ယနေ့ရွှေဈေးနှုန်း တကျပ်သား ၅၄,၀၀၀ ဆိုပြီး ဆိုင်းဘုတ်တော့ ထောင်ထားတယ်။ ဒါပေမဲ့ အဲ့ဈေးနဲ့သွားဝယ် ဘယ်သူမှမရောင်းဘူး။ ဘာလို့လဲဆို ဈေးကွက်ပေါက်ဈေးနဲ့ ကွာနေတာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တဖက်မှာလည်း စိုးရိမ်စရာရှိလာတာက ပြည်တွင်းရွှေဈေးနှုန်းဟာ ဈေးကွက်ပေါက်ဈေးနဲ့ ကွာဟချက်ရှိနေတဲ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဈေးနှုန်းအောက် ရောက်နေပါက ပြည်ပဈေးကွက်ဆီ စီးထွက်သွားနိုင်တယ်လို့ မန္တလေးအခြေစိုက် ရွှေလုပ်ငန်းရှင်တဦးကလည်း အခုလို မှတ်ချက်ပေးပါတယ်။

“ဈေးနှုန်းကို ဈေးကွက်ကပဲ ဦးဆောင်တာ ကောင်းတယ်ဗျ။ လူပုဂ္ဂိုလ်က ဦးဆောင်လိုက်ပြီ ဆိုရင်တော့ ပျက်ပြီလို့သာ မှတ်တော့။ အခုလည်း ကျနော်တို့ရွှေဈေးက အခြားကုန်စည်တွေလိုပဲ အခြေခံတွက်ချက်ပြီးတော့မှ ဝယ်သူနဲ့ရောင်းသူအကြားမှာ ဈေးနှုန်းဆိုတာ ပေါ်လာတာလေ။ ဘယ်အပေါ်မှာ အခြေခံတွက်ချက်လဲဆိုတော့ ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းငွေလဲနှုန်းအပေါ်မှာ အခြေခံပြီး တွက်ရတာ။ အဲ့လိုမတွက်ဘဲနဲ့ ကိုယ်ဖြစ်ချင်ရာ လျှောက်လုပ်လို့ မရဘူး။ အဲ့လိုလျှောက်လုပ်နေရင် ဘာဖြစ်လာနိုင်လဲ ဆိုတော့ဗျာ ပြည်တွင်းဈေးက အိမ်နီးချင်းနိုင်ငံတွေက ဈေးနဲ့ယှဉ်လို့ နိမ့်နေပြီဆိုရင် သူ့သဘာဝအရ မြင့်ရာဆီ စီးထွက်သွားမှာနော်။ ဒါကြောင့် ကုန်သည်က ကုန်သည်အလုပ် လုပ်ပြီး ကိုယ့်နေရာနဲ့ကိုယ် နေကြတာပဲ ကောင်းတယ်။”

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် နေ့လယ်ခင်းအချိန် ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေဈေးနှုန်းမှာ အကယ်ဒမီ (မီးလင်း) အခေါက်ရွှေ တကျပ်သားကို ၂,၂၅၀,၀၀၀ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၉၁၀ ရှိပါတယ်။

အပြင်ဈေးကွက်မှာ ကြားသိရတဲ့ ပြည်တွင်းရွှေဈေးနှုန်းက အကယ်ဒမီ (မီးလင်း) အခေါက်ရွှေ တကျပ်သားကို ၂,၈၁၀,၀၀၀ ရှိပြီး ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းကလည်း အမေရိကန် တဒေါ်လာကို ၂,၈၅၀ ကျပ်နဲ့ အရောင်းအဝယ် ရှိနေပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းတို့ကို အခြေခံပြီး တွက်ချက်ပါက ပြည်တွင်းရွှေဈေးနှုန်းဟာ တကျပ်သားကို ၂၈ သိန်းခွဲ နီးပါးရှိတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013