
ထိုင်းအလယ်ပိုင်း၊ စမွတ်ဆုန်ခမ်းခရိုင်၊ မဲ့ကလောင်မြစ်သင်္ဘောကျင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီတင်သင်္ဘောကြီး တစီးမီးလောင်ပေါက်ကွဲမှုမှာ ပျောက်ဆုံးနေသူအားလုံးရဲ့ အလောင်းတွေ ပြန်တွေ့ခဲ့ပြီး မြန်မာလုပ်သား ၇ ဦးပါဝင်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ မဲ့ကလောင်မြစ် ရေပြင်ဧရိယာ ၃ ကီလို ပတ်လည်မှာ လှေတွေနဲ့ရော ရေငုပ်သမားတွေနဲ့ပါ ရှာဖွေခဲ့ကြောင်း ၊ ဇန်နဝါရီ ၁၈ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ကိုထွေးရဲ့အလောင်း၊ ညနေ ၃ နာရီလောက်မှာ မီးလောင်ရာကြောင့် တကိုယ်လုံး မည်းတူးနေတဲ့ အလုပ်သမားကြီးကြပ်သူ ထိုင်းလူမျိုး နိုင်းဝိချဲလ်လို့ ယူဆရတဲ့ အလောင်း၊ မနက် ၉ နာရီမှာ ကိုဝင်းဘိုရဲ့အလောင်း၊ မနက် ၁၀ နာရီကျော်မှာ ဦးငယ်ရဲ့အလောင်း၊ မနက် ၁၁ နာရီမှာ ဇော်မင်းရဲ့ အလောင်း၊ မနက် ၁၁ နာရီ ၅၀ မိနစ်မှာ ကိုဝင်းရဲ့အလောင်း၊ မွန်းလွဲ ၁ နာရီကျော်မှာ ကိုစိုးရဲ့ အလောင်း၊ မွန်းလွဲ ၁ နာရီခွဲချိန်မှာ ကိုသီဟရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အလောင်း ၈ လောင်းထဲမှာ မြန်မာလုပ်သား ၇ လောင်းနဲ့ ထိုင်းလူမျိုးအလောင်း ၁ လောင်း ပါဝင်ကြောင်း၊ နောက်ဆုံးတွေ့ရှိတဲ့ မြန်မာလုပ်သားအလောင်းကို သင်္ဘောကြီးရဲ့ ဦးပိုင်းအောက် ရေအနက် ၄ မီတာလောက်မှာ မှောက်လျက်အနေအထားနဲ့ ပြန်တွေ့တယ်လို့ ဆိုပါတယ်။
တချို့အလောင်းတွေမှာ ပေါက်ကွဲမှုဒဏ်ချက်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြတ်ထွက်သွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေကို အသုဘအခမ်းအနားကျင်းပဖို့ စမွတ်ဆုန်ခမ်းမြို့ လဲမ်ယိုင် ရပ်ကွက်ရှိ ဝပ်ပါက်စမွတ်ဘုန်းကြီးကျောင်းမှာ ထားရှိပါတယ်။
ဒဏ်ရာရ မြန်မာလုပ်သား ၃ ဦးနဲ့ ထိုင်းလုပ်သား ၁ ဦးကတော့ ဆေးရုံမှာကုသနေပြီး ၁ ဦးက သက်သာလို့ ဆေးရုံဆင်းရပြီလို့ ဆိုပါတယ်။
သင်္ဘောကြီး မီးလောင်ရတာနဲ့ပတ်သက်လို့ စမွတ်ဆုန်ခမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီးက ဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပိုင်ရှင်ကတော့ သင်္ဘောပြင်ဖို့ လာအပ်ထားတာမို့ ပတ်သက်မှုမရှိဘဲ ဆိပ်ကမ်းအာဏာပိုင်နဲ့ သင်္ဘောပြုပြင်ရေးဘက်မှာ တာဝန်ရှိကြောင်း၊ အထူးသဖြင့် သင်္ဘောဂဟေဆော်သူတွေရဲ့ ပေါ့ဆမှုကြောင့်လို့ ကနဦးသုံး သပ်ထားပါတယ်။
သင်္ဘောပေါက်ကွဲမှုကြောင့် အနီးနားရပ်ကွက်ရှိ နေအိမ်ထိခိုက်ပျက်စီးသူပေါင်း ၁၀၀ နီးပါး ထိုက်သင့်တဲ့လျော်ကြေးတွေရရှိဖို့ ယာယီကယ်ဆယ်ရေးစခန်းမှာ စာရင်းတွေနဲ့အတူ လာရောက် တင်ပြထားကြပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တာဝန်ရှိသူတွေလည်း သေဆုံးဒဏ်ရာရ မြန်မာလုပ်သားတွေရဲ့ မိသားစုတွေကို မနေ့က လာရောက်တွေ့ဆုံအားပေးပြီး ထိုက်သင့်တဲ့နစ်နာကြေးနဲ့ အခွင့်အရေးတွေရရှိအောင် ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်လို့ ဆိုပါတယ်။
မီးလောင်ခဲ့တဲ့ Smooth Sea 22 သင်္ဘောကြီးဟာ အာမခံ ၂ ခုလုပ်ထားပြီး ပထမ ၁ ခုမှာ ဘတ်သန်းပေါင်း ၆၀ ရှိကာ ဒီနှစ်မတ်လ ၂၆ ရက်ထိ သက်တမ်းရှိကြောင်း၊ ဒုတိယအာမခံမှာ နိုင်ငံခြားမှာ လုပ်ထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ရှိကာ ဒီနှစ်ဖေဖော်ဝါရီလ ၂၀ ရက်ထိ သက်တမ်းရှိတယ်လို့ ဆိုပါတယ်။
ကိုးကား - thairath.co.th/komchadluek.net