Home
မြန်မာသတင်း
ရေရှားပါးပြတ်လပ်နေသည့် ဒီးမော့ဆိုဒေသတွင် စစ်ရှောင်များ သောက်သုံးရေ အကူအညီ အရေးပေါ်လိုအပ်နေ
DVB
·
January 18, 2023
KaYinNi Social Org 1
324726541_1093904012010901_5468202108100671501_n
324468496_931402371176430_3163504849553629687_n
323277200_548030977210052_7455569006232557924_n
324883067_1018360125705605_865275835199872957_n

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းဒေသမှာ ရေရှားပါးပြတ်လပ်နေပြီး စစ်ရှောင်တွေအတွက် သောက်သုံးရေအကူအညီလိုအပ်နေတယ်လို့  ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်အဖွဲ့က ပြောပါတယ်။

ဒီဒေသတွေဟာ အရင်ကတည်းက ဆောင်းရာသီနဲ့ နွေရာသီတွေမှာ ရေရှားပါးမှု ဖြစ်လေ့ရှိတဲ့နေရာတွေဖြစ်ပြီး အခုအခါမှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်တွေ သွားရောက်ခိုလှုံနေကြတာဖြစ်လို့ သောက်သုံးရေလိုအပ်ချက် ကြီးကြီးမားမားရှိနေတာ ဖြစ်ပါတယ်။

ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ရှိသူတဦးက “စစ်ရှောင်စခန်း တော်တော်များများမှာ သောက်သုံးရေ တော်တော်လိုနေကြတယ်။ ကျနော်တို့က ကားငှားပေးတယ်။ ဆီထည့်ပေးတယ်ပေါ့နော်။ သူတို့စစ်လာရှောင်တဲ့အထဲမှာ ကားကြီးရှိမယ်ဆိုရင် သူတို့ကားနဲ့ သွားတင်၊ ကျနော်တို့က ဆီထည့်ပေးပေါ့နော်”လို့ ပြောပါတယ်။

သူတို့အနေနဲ့ လတ်တလော စစ်ရှောင်စခန်း ၈ ခုက လူဦးရေ ၅၀၀၀ လောက်ကိုသာ ကူညီပေးနိုင်ပြီး အဆိုပါဒေသတွေဟာ အရင်က မိုးရေကိုခံ စုဆောင်းကာ တနှစ်တာအတွက် အသုံးပြုနေခဲ့တဲ့ဒေသဖြစ်ပါတယ်။

ထင်းရှူးတောအုပ်စုမှာ စစ်ရှောင်ရတဲ့ စီစီးလီယာက “ကျမတို့ ရေရှားတာက နိုဝင်ဘာလကနေ မေလအထိက ရေက အရမ်းအခက်အခဲဖြစ်တဲ့နေရာ ဖြစ်တယ်ပေါ့နော်။ ကျမတို့ ရေသွားခပ်တဲ့နေရာဆိုရင် ကျမတို့စခန်းကနေ ရေခပ်တဲ့ နေရာဆိုရင် ၂ မိုင်လောက်ဝေးတယ်။ တချို့ဆို ဆိုင်ကယ်နဲ့သွားခပ်တယ်။ ပြန်တော့လည်း အများကြီးမသယ်နိုင်ဘူး။ ၅ ဂါလန် ၂ ဘူးလောက်ပဲ သယ်နိုင်တယ်။ ကျမတို့ ခြေလျင်နဲ့သွားရင် ၃ ဂါလန်ဘူးလောက်ပဲ နိုင်တယ်ပေါ့။ အဲတော့ ရေတအားအခက်အခဲဖြစ်တဲ့နေရာ ဖြစ်တယ်ပေါ့။ ရေအရမ်းခက်ခဲတော့ တချို့အလှူရှင်ကလည်း အလှူပေးတာရှိတယ်။ ဒါပေမဲ့ လူဦးရေ တအားများသလို အိမ်ခြေလည်းတ အားများတော့ ရေအလုံအလောက်မရှိဘူးပေါ့နော်။ ကိုယ့်ဘာသာကိုယ်ဝယ်ဖို့လည်း မတတ်နိုင်ဘူး။ ကိုယ့်ဘာသာဝယ်ဖို့ ကားအကြီးမျိုးဆိုရင် ၇ သောင်းလောက်တောင်းတယ်။ ကိုယ့်ဘာသာကိုယ် သွားရေခပ်ဖို့ဆိုလည်း ဆိုင်ကယ် ဆီဖိုး မတတ်နိုင်ပြန်ဘူး။ လူနဲ့သွား တရက်ကို ၃ ဂါလန်ပဲ ရတယ်ဆိုလည်း တကယ်မလုံလောက်ဘူးပေါ့နော်။”  လို့ ပြောပါတယ်။

နောက်ထပ်စစ်ရှောင်စခန်းကတခုဖြစ်တဲ့ ခေါင်းဘာစစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့  ဒေါ်မူသွယ်က “ရေကရှားပါတယ်။ တခါတခါဆိုရင်လည်း အလှူရှင်က လာလှူပေးတယ်။ တပတ် နှစ်ပတ် အလှူရှင်က မလာဘူးဆိုရင် ဟိုးအဝေးကနေ တချို့ဆိုင်ကယ်ရှိရင် ဆိုင်ကယ်နဲ့သွားသယ်ကြ တယ်။ တချို့က တွန်းလှည်းနဲ့သွားတယ်။ တချို့ ဆိုင်ကယ်မရှိ တွန်းလှည်းမရှိတဲ့သူက ခြေလျင်နဲ့ တဘူးချင်းပဲ သယ်လာကြတယ်ပေါ့နော်။ တချို့ဝယ်နိုင်တဲ့လူက ရှားရှားပါးပါး ဝယ်သုံးတဲ့သူလည်းရှိတယ်။ ဒါပေမဲ့ လွယ်လာလွယ်သွားတဲ့သူတော့ များတယ်။ တချို့ မိုးမလင်းခင်က သွားရတဲ့လူလည်း ရှိတယ်။ တခါ ရေမရှိလို့ ရေသွားလွယ်တယ်ဆိုမှ ကန်ထဲ ရေမရှိတဲ့ အခက်အခက်ကြုံတွေ့ရပါတယ်” လို့ပြောပါတယ်။

အခုစစ်ရှောင်တွေအတွက်က မိုးရေစုဆောင်းစရာ နေရာမရှိသလို လူဦးရေ များပြားတဲ့အတွက်လည်း သောက်သုံးရေ အကူအညီတွေ လိုအပ်နေတာလို့လည်း စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် အဖွဲ့ ဝင်တဦးက ပြောပါတယ်။

“အဲဒီဒေသ ရေရှားတယ်။ ပြီးတော့ မိုးရေကိုပဲ တနှစ်တာမိုးရေကိုပဲ ခံထားပြီးတော့ ဆောင်းရာသီနဲ့ နွေရာသီကို သူတို့အဲဒီရေကိုပဲလုံလောက်အောင်သုံးကြတာပေါ့နော်။ အရေချောင်းဆိုရင်လည်း အဝေးကြီးတနေရာမှာရှိတယ်။ အဝေးကြီး အရမ်းဝေးလွန်းတော့ ကျနော်တို့က ရေတင်ပေးဖို့ ကားစီစဉ်ပေးရတာပေါ့နော်။ ရေတွင်းကလည်း တူးလို့မရဘူး။ အဝီစိကလည်းမရဘူး။ ဘာလို့လဲဆိုတော့ အောက်မှာ ဖူးတွေတအားများတယ်လေ။ အစကတည်းက ရေရှားပါတယ်ဆိုမှ အခုစစ်ရှောင်တွေအများအပြား ထပ်ရောက်တော့ ရေက ပိုကုန်မြန်သွားတာပေါ့။ ရေမလုံလောက်တော့ဘူး။ ပြီးတော့ စစ်ရှောင်တွေအတွက် ရေသိုလောင်တဲ့ကန်ကြီးကလည်း မရှိဘူး။ မိုးကာနဲ့ပဲခံရတော့ အများကြီး မသိုလှောင်နိုင်ဘူးပေါ့နော်။”

ဒါ့ကြောင့် စစ်ရှောင်တွေအတွက် ရေတင်နိုင်ဖို့ ကားငှားလို့ရပေမယ့် ကားဆီဖိုးက လိုအပ်နေကြောင်းလည်း‌ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ဒီဇယ် တစ်ဂါလန် ကျပ် ၁၃,၀၀၀ ဈေးပေါက်နေပြီး ရေတခေါက်တင်နိုင်ဖို့ ကားတစီကို ဆီဖိုး ကျပ် ၃၀၀၀၀ လိုအပ်ကြောင်းလည်း ဆိုပါတယ်။

စစ်ရှောင် ၂ သိန်းနီးပါးမှာ တသိန်းလောက်က ရေရှားပါးတဲ့နေရာမှာရှိတဲ့အတွက် လာမယ့် နွေရာသီကုန်အထိ မေလအထိ ရေအကူအညီတွေလိုအပ်နေမယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်အဖွဲ့က ပြောပါတယ်။         

ကရင်နီမှာ ရေရှားပါးမှုကြောင့် လူမှုရေးနဲ့ ကျန်းမာရေးပြဿနာတွေပါ နောက်ဆက်တွဲဖြစ် ပေါ်လာနေတဲ့အတွက် အစားအသောက်အပြင် သောက်သုံးရေအကူအညီတွေမှာ အရေးတကြီး လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024