
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ ဇန်နဝါရီ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ မိုင်းတကြိမ်ဆွဲကာ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိစစ်သည်တွေ သေဆုံး ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ က ထုတ်ပြန်ပါတယ်။
ရေတာရှည်မြို့နယ် နဂျပ်တောင်ဘက်ကို ဇန်နဝါရီ ၁၆ ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်ကို တပ်ခွဲ ၄၊ တပ်စု ၂ က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက်ထက်မနည်း သေဆုံးပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ ပြန်ဆုတ်သွားကြတယ်လို့ တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“နဂျပ် အရှေ့မြောက်ဘက် ဝက်ပုပ်လမ်းအတက်မှာလည်း ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် ၅ နာရီလောက်မှာ စစ်ကောင်စီဘက်က ထပ်မံ စစ်ကြောင်းထိုးလာလို့ ကျနော်တို့တပ်ခွဲရဲ့ တပ်စု ၃ က ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့လို့ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲဒီ ဝက်ပုပ်လမ်းဘက်ကို မနက် ၁၀ နာရီလောက်မှာ စစ်(...)အင်အား ၁၅၀ လောက်နဲ့ တပ်ဖြန့်ပြီး တက်လာလို့ တပ်စု ၂ နဲ့ တပ်စု ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီး နေ့လယ် ၁၂ နာရီလောက်မှာလည်း နဂျပ်-ကွန်းချောင်းလမ်း ကျောက်ပုံကုန်းမှာ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ၁ နာရီကျော်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့တယ်။”
အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိ ၃ ယောက် အပါအဝင် ၄၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ အလောင်းတွေ လူနာတွေကို ကားတွေနဲ့ သယ်ထုတ်သွားကြပြီး တပ်ခွဲ ၃ က ရဲဘော်တယောက် ကျဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူ များပြားလို့ ထွက်ပြေးတဲ့အချိန်မှာ ကျကျန်ခဲ့တဲ့ ကျောပိုးအိတ် ၂ လုံးကို ဖွင့်ဖောက်စစ်ဆေးကြည့်ရာ အမြောက်တပ် တံဆိပ်နဲ့ ဝတ်စုံတွေ တွေ့ရတယ်လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ နှစ်ဖက်တပ်တွေ ထိပ်တိုက် စစ်ဆိုင်ထားပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်လို့ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အဝေးဆုံးမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။