
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ လေကြောင်းပိုင်နက်တွေကို အကြမ်းဖက်စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် အသုံးပြုခွင့်မပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၇ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ ဗစ်တိုးရီးယားစခန်းကို စစ်ကောင်စီတပ်က ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတွေထိခိုက် ဒဏ်ရာရခဲ့သလို လူနေအိမ်နဲ့ ဆေးကုသဆောင် ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံရဲ့ လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချမှု ဖြစ်ပေါ်ခဲ့ကြောင်းနဲ့ မြေပြင်သတင်းရင်းမြစ်တွေအရ အကြမ်းဖက်စစ်အုပ်စုရဲ့ ဗုံးကြဲမှု အိန္ဒိယ ပိုင်နက်အတွင်း ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ် ဘေးကင်း လုံခြုံရေးကို ရှေးရှုပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့လေပိုင်နက်ကိုသုံးပြီး မြန်မာပြည်သူတွေကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်ကို ခွင့်မပြုဖို့လည်း NUG က မေတ္တာရပ်ခံ တောင်းဆိုပါတယ်။
အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေကို တိုက်ခိုက်တာကို ဆန့်ကျင်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ တောင်းဆိုတာ ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်က ချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်မှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာကို ချက်ချင်း ရပ်တန့်ဖို့လည်း ကုလသမဂ္ဂက တောင်းဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အိမ်နီးချင်းနိုင်ငံ အိန္ဒိယနိုင်ငံရဲ့ လေပိုင်နက်တွေကို တခြား ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ လေပိုင်နက်ကိုလည်း ကျူးကျော်ဝင်ရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လေယာဉ်နဲ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။
ကျူးကျော်မှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်ကောင်စီသံအမတ်ကို ခေါ်ယူကန့်ကွက်ခဲ့သလို၊ ထိုင်းစစ်တပ်ကလည်း သူ့တိုက်လေယာဉ်တွေ နယ်စပ်မှာ ပျံဝဲစောင့်ကြည့်တာတွေ လုပ်ဆောင်ခဲ့ပေမဲ့ အိန္ဒိယနိုင်ငံကတော့ သူ့နိုင်ငံထဲ ကျူးကျော်ဝင်ရောက် ဗုံးကြဲတဲ့ကိစ္စအပေါ် တစုံတရာ တုံ့ပြန်တဲ့ သတင်းတွေ မကြားရသေးပါဘူး။
စစ်ကောင်စီဟာ အခုရက်ပိုင်းတွေအတွင်းမှာလည်း ရှမ်းပြည်နယ် မိုးဗြဲဒေသ၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသနဲ့ ကြာအင်းဆိပ်ကြီး ဒေသက ကျေးရွာတွေကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်တချို့ သေဆုံးခဲ့ရပြီး၊ ဘုရားကျောင်းတွေ လူနေအိမ်တွေ ပျက်စီးခဲ့ကာ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။