Home
မြန်မာသတင်း
မြန်မာစစ်တပ် လူသတ်လက်နက်ထုတ်လုပ်နိုင်ရန် ၁၃ နိုင်ငံမှ ကုမ္ပဏီများ ကူညီပေးနေ
DVB
·
January 17, 2023

မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဖြိုခွင်းသတ်ဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ စစ်လက်နက်တွေကို မြန်မာစစ်တပ်က ထုတ်လုပ်နိုင်ဖို့  အနည်းဆုံး နိုင်ငံပေါင်း ၁၃ နိုင်ငံက ကုမ္ပဏီတွေက ကူညီပေးခဲ့ကြကြောင်း နိုင်ငံတကာက လွတ်လပ်သော ကျွမ်းကျင်ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က လက်နက်ထုတ်လုပ်မှု အရှိန်မြှင့်တင်လာခဲ့ပုံ အသေးစိတ်ကို ဇန်နဝါရီ ၁၆ ရက် ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။

ဩစတြီးယား၊ ပြင်သစ်၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမနီ၊ တိုင်ဝမ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့က ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်ကူညီနေကြကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြခဲ့ပြီး အဲဒီကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပံ့ကူညီတာ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ မြန်မာစစ်တပ်ကိုယ်စား လက်နက်ရောင်းဝယ်ခဲ့တဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်နဲ့ နီးစပ်သူ စီးပွားရေးသမား အောင်မိုးမြင့်ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးပိတ်ဆို့မှု ချမှတ်ခဲ့ပါတယ်။ သူ့ရဲ့ညီအစ်ကိုဖြစ်သူ လှိုင်မိုးမြင့်ကိုရော သူတို့တည်ထောင်ခဲ့ကြတဲ့ Dynasty Internationmal ကုမ္ပဏီနဲ့ ကုမ္ပဏီက ဒါရိုက်တာတဦးဖြစ်သူ မျိုးသစ္စာတို့ကိုပါ စီးပွားရေးပိတ်ဆို့မှု ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတွေကြောင့် မြန်မာစစ်တပ်ကို လေယာဉ်ထောက်ပံ့ရောင်းချပေးတဲ့ ကုမ္ပဏီတွေကိုလည်း အမေရိကန်က ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းမှာ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ရောင်းချတဲ့ ပုဂ္ဂလိကကုမ္ပဏီ မရှိတာကြောင့် အဲဒီလိုကုမ္ပဏီတွေကို မြန်မာစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဘက်က ဒါရိုက်တာတွေ၊ လူကြီးတွေက တည်ထောင်လုပ်ကိုင်ကြတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

ပြည်တွင်းက စက်ရုံတွေဟာ လိုင်စင်ဝယ်ယူထားတဲ့ နည်းပညာတွေနဲ့၊ ပြည်ပထောက်ပံ့ရေးကွင်းဆက်၊ နည်းပညာအထောက်အကူနဲ့ တခြားသော ထောက်ပံ့ကူညီမှုတွေကို လက်ခံလည်ပတ်နိုင်စွမ်းရှိနေဆဲ ဖြစ်ပါတယ်။ တခါတရံမှာ စက်ကိရိယာတွေကို စင်ကာပူနဲ့ ထိုင်ဝမ်တို့ကို ပို့ဆောင်ကာ ပြုပြင်တာနဲ့ အဆင့်မြှင့်တင်တာတွေကို ဆောင်ရွက်ကြတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ ကျွမ်းကျင်သူ ခရစ်စီဒိုတီက သက်ဆိုင်ရာအစိုးရတွေအနေနဲ့ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့နဲ့ သိရှိရပါက အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေ ထုတ်လုပ်ခွင့်ရအောင် မြန်မာစစ်တပ်ကို ကူညီထောက်ပံ့ခဲ့တဲ့ အဲဒီကုမ္ပဏီတွေကို အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ဒုက္ခကိုရင်းပြီး အကျိုးအမြတ်ရှာနေကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာလည်း အကျိုးဆက်ကို တာဝန်ယူရမှာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေလည်းဖြစ် ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေစုဆောင်းရေး အဖွဲ့ဝင်လည်းဖြစ်ခဲ့တဲ့ စီဒိုတီက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်လက်နက်ထုတ်လုပ်ရေးမှာ ဆက်နွှယ်နေတဲ့ အချိတ်အဆက်တွေနဲ့ ရုရှား၊ တရုတ်၊ ယူကရိန်း၊ အစ္စရေး၊ စင်ကာပူ၊ ဖိလစ်ပိုင်တို့က ကုမ္ပဏီတွေကို အမည်တပ်ဖော်ပြခဲ့ပါတယ်။

ပြည်တွင်းမှာ လက်နက်ထုတ်လုပ်မှု တိုးမြင့်လာရတာရဲ့ အဓိကအကြောင်းကတော့ လက်နက်ဝယ်ယူတင်သွင်းခွင့် ပိတ်ပင်ခံထားရတာနဲ့ စီးပွားရေးပိတ်ဆို့မှုတို့ကြောင့် လက်နက်ဝယ်ယူခွင့် မရတော့မှာကို စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ အခုချိန်မှာ အသေးစားနဲ့ အပေါ့စားလက်နက်ကိရိယာတွေကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်နေပြီဖြစ်ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က ထုတ်လုပ်နိုင်တဲ့ လက်နက်တွေဟာ Assault ရိုင်ဖယ်နဲ့ စက်သေနတ်တွေကနေ မော်တာ၊ တင့်ကားဖျက်လက်နက်နဲ့ လေယာဉ်ပစ်လက်နက်တွေ၊ ဒုံးကျည်နဲ့ ဒုံးကျည်ပစ်လက်နက်တွေအပြင် အမြောက်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေအထိ အမျိုးအစား အမြောက်အမြား ရှိတယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

မြေမြှုပ်မိုင်းနဲ့ ရေမြှုပ်မိုင်းတွေကိုလည်း မြန်မာစစ်တပ်က ထုတ်လုပ်သုံးစွဲနေကြောင်းကို အဲဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေကတဆင့် သိရကြောင်း ဖော်ပြထားပြီး ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးပြပွဲမှာ မြန်မာစစ်တပ်က ပြသခဲ့တဲ့ လက်နက်တွေရဲ့ ဓာတ်ပုံတွေကိုလည်း ပြသထားပါတယ်။

ကပစလို့ အတိုကောက်ခေါ်ကြတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်စက်ရုံဟာ ဖျူးစ်တွေ၊ ချိန်ကွင်းတွေနဲ့ ဖောက်ခွဲရေးစနက်တံလို ပစ္စည်းတွေကို အိန္ဒိယနဲ့ တရုတ်တို့ကနေ မှာယူသုံးစွဲပါတယ်။ အဲဒါတွေအပြင် တွင်ခုံလုပ်ငန်းတွေအတွက် သူတို့ဆီမှာ ဩစတြီးယား၊ ဂျာမနီ၊ ဂျပန်၊ ထိုင်ဝမ်နဲ့ အမေရိကန်တို့က ထုတ်လုပ်တဲ့ ကွန်ပျူတာထိန်းချုပ်တွင်ခုံ CNC စက်တွေလည်း ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စက်ရုံပေါင်း ဘယ်နှစ်ရုံရှိတယ်ဆိုတာကို အတိအကျ မပြောနိုင်ပေမဲ့ ဂြိုဟ်တုကနေ ဖမ်းယူရရှိတဲ့ ပုံတွေကို စစ်ဆေးလေ့လာချက်အပြင် ရရှိထားတဲ့ တခြားသော သတင်းအချက်အလက်တွေအရ အဲဒီလိုစက်ရုံတွေ ဒါဇင်နဲ့ချီရှိကြောင်း သတ်မှတ်ယူဆနိုင်တယ်လို့ ဆိုပါတယ်။

လက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုခဲ့တဲ့ နည်းပညာအတော်များများဟာ စစ်တပ်က အာဏာမသိမ်းမီမှာ အရပ်ဘက်ဆိုင်ရာ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပြောင်းလဲအသုံးပြုနေခဲ့ကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှုပ်ထွေးကျယ်ပြန့်တဲ့ ပစ္စည်းထောက်ပံ့သူတွေ၊ နည်းပညာလိုင်စင် ရယူပေးသူတွေနဲ့ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ တခြားအသေးစိတ်အချက်အလက်တွေကို သိရှိနိုင်ရေးအတွက် နောက်ထပ်လေ့လာမှုတွေ ဆောင်ရွက်ရဦးမှာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အရပ်သားအစိုးရထံကနေ စစ်တပ်က မတရားအာဏာသိမ်းခဲ့တာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို စစ်တပ်က သေစေလောက်အောင် အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။

ကလေးငယ် ၂၇၇ ဦး အပါအဝင် စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် သေဆုံးခဲ့ရသူ အရပ်သား ၂,၇၀၀ ကျော်ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားသလို မတရားဖမ်းဆီးခံခဲ့ရသူ အရေအတွက်ဟာလည်း ၁၃,၀၀၀ ကျော်ရှိပြီလို့ ဆိုပါတယ်။

Ref-AP/ The Washington Post

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024