
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ ကောင်းဆောင်ရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဇန်နဝါရီ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဒေသခံတယောက်က ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်နေတဲ့သူဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး ဖယ်ခုံ ၄၂၁ အမြောက်တပ်ရင်းကနေ လက်နက်ကြီး ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တဲ ၃ လုံးလောက်လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ပစ်ခတ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတဦး အခင်းဖြစ်ပွားတဲ့နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသားနှစ်ဦးကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ကျေးလက်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ရမ်းသန်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်လို့ မိုးဗြဲ ပွဲကုန်း ၁ ရပ်ကွက်က ဒေသခံတဦးလည်း သေဆုံးခဲ့ပါသေးတယ်။