
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်၊ ၈ ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမှာ ဇန်ဝါရီ ၁၆ ရက် ညပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီခွဲက ဗိုလ်မင်းရောင်လမ်း အ.မ.က ၁၉ ကျောင်းနားက အဆောင်တစ်ခုမှာ အမည်မသိ အမျိုးသား နှစ်ယောက်က အဆောင်ပထမအထပ်မှာ နေထိုင်သူတယောက်ကို လာရောက် ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူ တဦးက ပြောပါတယ်။
“ရပ်ကွက်ထဲမှာ ပြောနေတာတော့ သတင်းပေး တယောက်ကို လာပစ်တာ။ ထိတယ် မသေဘူး။ ဒဏ်ရာပဲရတယ်"
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ရဲတွေ ရောက်လာပြီး ဒဏ်ရာရရှိသူကို ရွှေပြည်သာမြို့နယ် ဆေးရုံကိုပို့ ဆောင်ပေးခဲ့တယ်လို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။
"အဆောင်နေတဲ့ တယောက်ကို လာပစ်တာ သူ့ သူငယ်ချင်းကို ထိသွားတာ။ ဘာကြောင့် ထိလည်း ဆိုတော့ သူက သေနတ်သမားကို ဝင်လုံးတာ လူတွေအများကြီး ဝိုင်းအော်တော့ ပစ်တဲ့သူလည်း ထွက်ပြေးသွားတယ်။”
ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ အိမ်စီးကားနဲ့ ဆိုင်ကယ်တချို့ကို ည ၉ နာရီ အထိ စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်က မြို့နယ်အချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ နဲ့ ဒဏ်ရာရသူတွေလည်း ရှိပါတယ်။