Home
မြန်မာသတင်း
စစ်ကောင်စီ ရွေးကောက်ပွဲကို နည်းပေါင်းစုံဖြင့် ဆန့်ကျင်ရန် SIF တိုက်တွန်း
DVB
·
January 17, 2023

စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို နည်းပေါင်းစုံနဲ့ ဆန့်ကျင်ကြဖို့ မဟာဗျူဟာ ညှိနှိုင်း ဖော်ဆောင်ရေး အင်အားစုက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြု လက်ခံခြင်း (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်ခြင်းဟာ ပြည်သူရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပေးဆပ်မှုများစွာနဲ့ ပေါ်ပေါက်လာတဲ့ ပြည်သူ့တော်လှန်ရေးရည်မှန်းချက်ကို ဥပေက္ခာပြုရာရောက်ပြီး စစ်အုပ်စုရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အကာအကွယ် ရယူထားတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို သက်ဆိုးရှည်စေပြီး စစ်အာဏာရှင်စနစ်ကို ပိုမိုခိုင်မြဲစေမှာဖြစ်ကြောင်း အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မဟာဗျူဟာ ညှိနှိုင်းဖော်ဆောင်ရေးအင်းအားစု ပြောခွင့်ရသူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “အဓိကကတော့ ဒီရွေးကောက်ပွဲကို ကျနော်တို့ လက်မခံဘူးဆိုတာ ဖြစ်တယ်။ ရွေးကောက်ပွဲဖြစ်လာမှဖြစ်မယ်ဆိုရင် ရွေးကောက်ပွဲမဖြစ်အောင် ကျနော်တို့ တားဖို့လိုအပ်တယ်။ နောက်တခုက ကျနော်တို့ ဒီဘက်မှာရှိတဲ့ တော်လှန်ရေးအင်အားစု အသီးသီးကလည်း သူတို့နယ်တွေထဲမှာ လက်မခံဘူးဆိုတဲ့ကိစ္စကို ရှင်းရှင်းလင်း သဘောထားထုတ်ပြန်ပြီး ဖြစ်တယ်ပေါ့နော်။ နောက်တခုက နိုင်ငံတကာအနေနဲ့လည်း ဒီကိစ္စကို အသိအမှတ်မပြုဖို့ဆိုတဲ့ ကိစ္စကို ကျနော်တို့ ပြောတာဖြစ်ပါတယ်”  လို့ ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်ကြတဲ့ ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်ရေး အဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ပလောင်လွတ်မြောက်ရေးတပ်ဦးတို့အနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရှင်းလင်းစွာ ရပ်တည်ထားပါတယ်။ 

ကျန်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြဖို့ မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစုက တိုက်တွန်းထားပါတယ်။

ဒါ့အပြင်  နိုင်ငံရေးပါတီတွေ၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ တရားခံရွေးချယ်ပွဲကို လက်မခံဘဲ နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ငြင်းပယ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်မြောက်လာခဲ့မယ်ဆိုရင် တိုင်းပြည်ထဲသွေးထွက် သံယိုမှုတွေ ထပ်မံဖြစ်ပွားလာမယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

“အခြေခံကတော့ တိုင်းပြည်ထဲမှာ သွေးထွက်သံယိုမှုတွေ ပိုများလာလိမ့်မယ်။ အဲဒီအခြေအနေကို ကျနော်တို့က မဖြစ်စေချင်ဘူးပေါ့နော်။ ပြည်သူလူထုက နည်းပေါင်းစုံနဲ့ ဆန့်ကျင်မှာပဲ၊ အခုလည်း ဆန့်ကျင်နေတယ်။ တဖက်က စစ်အုပ်စုကလည်း နည်းသဏ္ဌာန်ပေါင်းစုံနဲ့ သူဖိနှိပ်မှာပဲ၊ အဲဒီအခြေအနေကတော့ တိုင်းပြည်ထဲမှာ အသေအချာဖြစ်တယ်လို့ ကျနော်တို့က အဲလိုယူဆတယ်။ နောက်ခုက အချို့အချို့သော နိုင်ငံတွေပေါ့ဗျာ။ တရုတ်တို့ပဲဖြစ်ဖြစ်၊ အိန္ဒိယ တို့ပဲဖြစ်ဖြစ် အာဆီယံထဲက တချို့နိုင်ငံတွေ ရွေးကောက်ပွဲကို တချို့တွန်းနေတာရှိတယ်။ အဲလိုနိုင်ငံတချို့ကလည်း အသိအမှတ်ပြုကောင်းပြုသွားနိုင်တယ်။ အဲလိုအခြေအနေမျိုးတွေမဖြစ်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ယူဆတယ်။ ဒါကြောင့် ဒီကိစ္စကိုတော့ တတိုင်းပြည်လုံး အားလုံးက ဝိုင်းဆန့်ကျင်ဖို့လိုတယ်။ တပြိုင်နက်တည်းမှာပဲ နိုင်ငံတကာအသိုက်အဝန်းက လက်မခံဖို့လိုတယ်ပေါ့နော်။”

ဒါ့အပြင် ရွေးကောက်ပွဲ ဖြစ်မြောက်စေချင်တဲ့ နိုင်ငံတွေဟာလည်း မြန်မာနိုင်ငံတွင်းက သယံဇာတတွေကို လိုလားပြီး သူတို့တိုင်းပြည်အကျိုးအမြတ်အတွက် လုပ်ဆောင်မှာဖြစ်သလို ဒီစစ်အုပ်စု အာဏာရရင် တိုင်းပြည် နာလန်ပြန်လည်ထူနိုင်တော့မှာမဟုတ်ကြောင်းလည်း ဦးအောင်မိုးဇော်က ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်ထဲမှာ ဒီပုဂ္ဂိုလ်တွေရှိသရွေ့၊ ဒီပုဂ္ဂိုလ်တွေ သေနတ်နဲ့အာဏာကိုင်ထားသရွေ့ ကျနော်တို့ ပြည်သူတွေ ဒုက္ခရောက်မှာပဲ။ အခုလည်း ပြည်သူအများစုက အရမ်းဆင်းရဲတယ်။ အရမ်းဆင်းရဲတဲ့အပြင် နှိပ်စက်ညှဉ်းပန်းမှုတွေ နေ့တိုင်းခံနေရတယ်။ သူတို့အာဏာဆက်ရှိနေရင် ကျနော်တို့ တိုင်းပြည် ဘယ်တော့မှ နာလန်ထူစရာမရှိတော့ဘူး။ တိုင်းပြည်လည်း အစိတ်စိတ်အမြွှာမြွှာဖြစ်ဖို့ပဲရှိတယ်။”

မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု -SIF ဟာ အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒိမိုကရေစီဖော်ဆောင်ရေး နိုင်ငံရေးရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ အခြေခံအားဖြင့် အမြင်၊ ရည်တည်ချက်နဲ့ နည်းနာတွေကို တူညီတဲ့ တော်လှန်ရေးနိုင်ငံရေးအင်အားစု တသီးပုဂ္ဂလတွေရဲ့ ဆုံရပ်ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ်မှာ အချိုးကျကိုယ်စားပြုစနစ် PR ရွေးကောက်ပွဲစနစ်ကို ကျင်းပပြုလုပ်မယ်လို့ ပြောဆိုပေမယ့် ဘယ်လွှတ်တော်တွေမှာ ကျင်းပမလဲဆိုတာကို ထုတ်ပြောတာမရှိသလို စစ်ကောင်စီက ခန့်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲ စနစ်နဲ့ပတ်သက်ပြီး တိတိကျကျရှင်း လင်းပြောဆိုတာမရှိသေးဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024