
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်ကျေးရွာမှာ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီလောက်က နေအိမ် ၃ လုံး မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၆၀ ခန့် ဆုံးရှုံးခဲ့ကြောင်း မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
“ပေါ့ဆမီးပါ။ မီးဖို မီးကြွင်းမီးကျန်ကတဆင့် အနီးရှိ ဝါးထရံကို မီးကူးစက်လောင်ကျွမ်းတာ။ မီးသတ်ကားတစီးနဲ့ သန္ဓေတပ်ဖွဲ့ဝင် ၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး သွားရောက် မီးငြှိမ်းသတ်ခဲ့ရတယ်။ ရွာက ၄ မိုင်နီးပါးဝေးတော့ နေအိမ် ၃ လုံး ဆုံးရှုံးသွားတယ်။ နောက်နေအိမ်တွေ မီးမကူးစက်အောင်တော့ တားဆီးနိုင်ခဲ့ပါတယ်။”
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဆင်ကြီးပြင်ကျေးရွာဟာ မင်းပြားမြို့နဲ့ ၃ မိုင် ၆ ဖာလုံလောက် ဝေးတာကြောင့် မီးသတ်ကား အချိန်မီမရောက်နိုင်ခဲ့ဘူးလို့ ဆင်ကြီးပြင်ကျေးရွာသားတဦးက ပြောပါတယ်။
“မင်းပြားမြို့နဲ့ ကျနော်တို့ရွာက ၃ မိုင်ကျော် ၄ မိုင်နီးပါး ဝေးတယ်။ အဲ့ဒါကြောင့် မီးသတ်တပ်ဖွဲ့တွေ အချိန်မီ မရောက်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ နောက်အိမ်တွေကို မီးမကူးစက်အောင်တော့ တားဆီးနိုင်ခဲ့ကြပါတယ်။”
မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်ဟာ ဆင်ကြီးပြင်ကျေးရွာမှ ဒူဒုရာ (၂၈ နှစ်)၊ (ဘ) မာမွတ်ဒူရာ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် စတင်လောင်ကျွမ်းခဲ့တာပါ။
မီးလောင်မှုကြောင့် လူ တိရစ္ဆာန် ထိခိုက်မှုမရှိပေမဲ့ အနီးရှိ နေအိမ် ၃ အိမ် မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် ကာလတန်ဖိုး ကျပ်သိန်း ၆၀ ခန့် ဆုံးရှုံးခဲ့ရပြီး မီးဘေးဒုက္ခသည် ၁၈ ဦးကို နီးစပ်ရာ ဆွေမျိုးတွေနေအိမ်မှာ ယာယီနေရာချပေးကာ မီးပေါ့ဆစွာသုံးစွဲသူ ဒူဒုရာကို ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူထားတယ်လို့ မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရပါတယ်။