ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ လမ်းဘေးဆိုင်တွေ ဇန်နဝါရီ ၁၆ ရက်မှာ ဖျက်ဆီးခံခဲ့ရပြီး စစ်တွေမြို့လမ်းမကြီးကို စည်ပင်သာယာရေးအဖွဲ့က အခုရက်ပိုင်း အပူတပြင်း ပြင်ဆင်နေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့ ဘီလူးမတံတား လမ်းဘေးရှိ ဈေးရောင်းချနေသူအမျိုးသမီးကြီးတဦးက “လူကြီး လာမယ်လို့ ပြောတယ်။ ဈေးဆိုင်ခေါင်မိုးတွေကို ဒီနေ့ ဖြိုဖျက်သွားတယ်။ ထီးဆောင်းပြီး ရောင်းပါလို့တော့ စည်ပင်က ပြောခဲ့တယ်”လို့ ပြောပါတယ်။
စစ်တွေမြို့အဝင်ဂိတ်မှ လေယာဥ်ကွင်းဆင်းလမ်း လမ်းခွဆုံ မေယုလမ်းတလျှောက်ရှိ လမ်းဘေးဈေးဆိုင်တွေအပြင် လမ်းမကြီး ဘီလူးမတံတားအနီးရှိ ဈေးဆိုင်တွေနဲ့ မင်းဘာကြီး ဘယ်/ညာလမ်းတလျှောက် လမ်းဘေးဈေးဆိုင်တွေကို ဇန်နဝါရီ ၁၆ ရက်မှာ စည်ပင်သာယာရေး အဖွဲ့က လာရောက် ဖြိုဖျက်ခဲ့ကြတာပါ။
ဇန်နဝါရီ ၁၃ ရက်က မြို့အဝင်လမ်းမှ လေယာဉ်ကွင်းအဝင်လမ်းအထိ လမ်းဘေး ဈေးသည်တွေကို စည်ပင်တာဝန်ရှိသူတွေက ဖယ်ပေးဖို့ သတိပေးထားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ နာရီစင်ကနေ ဘီလူးမတံတား မေယုလမ်းတလျှောက်ရှိ လမ်းဘေးဆိုင်တွေကို ဖြိုဖျက်ခဲ့ကြတာလို့ လမ်းဘေးစျေးဆိုင် ရောင်းချနေတဲ့ လူငယ်အမျိုးသမီးငယ်လေးက ပြောပါတယ်။
“ကျမတို့က ထီးနဲ့ရောင်းချနေတာပါ။ အဲဒီထီးကိုတောင် ရုပ်သိမ်းဖို့ ပြောလာပါတယ်။ လူကြီး လာမယ်လို့တော့ ပြောပါတယ်။ လူကြီးက တရက် လာမယ်လို့ ပြောခဲ့ပါတယ်။ ထီးတွေကို ရုပ်သိမ်းခိုင်းပြီး ထီးတွေကို သူတို့က ဒီဘက်ကနေ ဟိုဘက်ကို ဖြိုချခဲ့ကြတယ်။ ကျမတို့က တနေ့လုပ်မှ တနေ့ လုပ်ကိုင်စားသောက်နေရသူတွေပါ”လို့ ပြောပါတယ်။
အဖြိုဖျက်ခံလိုက်ရတဲ့ လမ်းဘေးဈေးဆိုင်တွေဟာ စည်ပင်သာယာအဖွဲ့ လေလံတင် ရောင်းချသူတွေဆီကို တနေ့ ၂ ကြိမ်ကျ အခွန်ပေးဆောင်နေကြရတဲ့ ဈေးဆိုင်တွေ ဖြစ်ပါတယ်။
စစ်တွေမြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးချုပ်ကိုယ်စားလှယ် အဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်မှာ လာရောက်ကြမှာဖြစ်တဲ့အတွက် စစ်တွေမြို့ရှိ လမ်းဘေးဈေးဆိုင်တွေကို ဖြိုဖျက်ပြီး စစ်တွေလမ်းမကြီးကို အပူတပြင်း နိုင်လွန်ကတ္တရာ ခင်းနေပါတယ်။
မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ စစ်တွေကတဆင့် သံတွဲ၊ ကျောက်ဖြူနဲ့ ထိုင်းနိုင်ငံ နည်းပညာနဲ့ တည်ဆောက်မယ့် ဂွမြို့နယ်ရှိ လေအားလျှပ်စစ်လုပ်ငန်းကို သွားရောက်ကြမယ်လို့ အစိုးရအဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။
စစ်ခေါင်းဆောင်က ငပလီကမ်းခြေကိုလည်း လာရောက်ဖို့ သတင်းထွက်နေတဲ့အတွက် သံတွဲမြို့၊ မင်းဘာကြီးလမ်းမရှိ ကွမ်းယာဆိုင်၊ မုန့်ဆိုင် အပါအဝင် စျေးဆိုင်ခန်း ၂၀ ကျော်ကို ဇန်နဝါရီ ၁၀ ရက်နေ့နောက်ဆုံးထား ဖြိုဖျက်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။