
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ NUG ရဲ့ အမှတ်(၉၀၁) တပ်ရင်း(မြို့သစ်မြို့နယ်) ကနေ သိရပါတယ်။
နတ်မောက်မြို့နယ် ဖက်တောရေကျေးရွာတောင်ဘက်ကို ဖြတ်သန်းလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၉ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ တယ်လို့ အမှတ် (၉၀၁) တပ်ရင်းရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံ ရဲနီသွေးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို အမှတ် (၉၀၁) တပ်ရင်း၊ တပ်ခွဲ (၁) ဂဠုန်တပ်ခွဲနဲ့ တပ်ခွဲ (၂) ကျားသစ်နက်တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ခုခံတာကြောင့် မိနစ် ၂၀ လောက် အပြန်လှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့ပေမယ့် ဒဏ်ရာအခြေနေ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
မြို့သစ်မြို့နယ် အမှတ် ၉၀၁ တပ်ရင်းအနေနဲ့ စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ တိုက်ထုတ်သွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နီးတဲ့နေရာတွေကို လုံးဝမသွားကြဖို့ မေတ္တာရပ်ခံသတိပေးထားပါတယ်။
အဲဒီတိုက်ခံရတဲ့ဖြစ်စဥ်မှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
နတ်မောက်မြို့နယ် ဖက်တောရေ ကျေးရွာနားမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီကားတစီးကို ဗိဿနိုး- PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၄ ယောက်သေဆုံး၊ ၄ ယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။