Home
မြန်မာသတင်း
မှော်ဘီတွင် လက်လုပ်ဗုံး တပ်ဆင်ထားသည့် ဒရုန်း ၆ စင်းကို စစ်ကောင်စီတပ်က သိမ်းဆည်း
DVB
·
January 16, 2023

မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာမှာ ဒီနေ့ မနက်ပိုင်းက လက်လုပ်ဗုံး တပ်ဆင်ထားတဲ့ ဒရုန်းတစင်း ပေါက်ကွဲခဲ့ပြီး လယ်ကွင်းထဲကျခဲ့ရာမှ ဒရုန်း ၆ စင်းကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်ဝါးနက်ချောင်းကျေးရွာ ဗောဓိရိပ်ငြိမ်ကျောင်းသွား လမ်းဘေးရှိ လယ်ကွင်းထဲမှာ ဒီနေ့ မနက် ၁၀ နာရီခွဲက ဒရုန်းတစင်း ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် ဒရုန်းတွေ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရွာအုပ်ချုပ်ရေးပိုင်းက စစ်တပ်ကို ဖုန်းဆက်လိုက်လို့ လာပြီးသိမ်းသွားတာ။ နောက်ထပ်ဒရုန်းတွေ ဂျိုးဖြူပိုက်နားမှာ ထပ်တွေ့တယ် ပြောတယ်။ အားလုံး ဒရုန်း ၇ စင်း ရသွားတယ်” လို့ ပြောပါတယ်။ 

ဒရုန်းတွေဟာ မှော်ဘီလေတပ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ပြင်ဆင်ထားပေမဲ့ နည်းပညာ အားနည်းမှုကြောင့် အခုလို ပျက်ကျသွားတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

“တကယ်တမ်းဆို နည်းပညာမြင့်ပြီး အရည်အသွေးကောင်းတဲ့ ဒရုန်းတွေဆို အခုလို ဖြစ်မှာ မဟုတ်ဘူး။ အခုက လူငယ်တွေက နိုင်သလောက်နဲ့ လုပ်နေတော့ အခုလို ဖြစ်တာ။” 

လတ်တလောမှာ စစ်ကောင်စီတပ်က သိမ်းဆည်းရမိတဲ့ ဒရုန်းတွေကို မှော်ဘီမြို့မရဲစခန်းကို ပို့ဆောင်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း လှိုင်မြို့နယ် ၁၀ ရပ်ကွက် တံတားဖြူမှတ်တိုင် အင်းလျားကန်ဘောင်မှာ လက်လုပ်ဗုံး တပ်ဆင်ထားတဲ့ ဒရုန်းတစင်းကို စစ်တပ်က သိမ်းဆည်းရမိခဲ့ပါတယ်။

အလားတူ ဒီနေ့ မနက်အစောပိုင်းကလည်း မြောက်ဥက္ကလာပမြို့နယ် ၂ ရပ်ကွက် အုတ်ပုံဆိပ်အနီးမှာ လက်လုပ်ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းတစင်းကို သိမ်းဆည်းရမိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024