Home
မြန်မာသတင်း
PDF ဒရုန်းစစ်ဆင်ရေး စစ်ကောင်စီစိတ်ဓာတ်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်လာနိုင်ဟု ပြော
DVB
·
January 16, 2023

နိုင်ငံတဝန်း ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တွေဟာ ဒရုန်းတွေကို အသုံးပြုပြီး စစ်ကောင်စီတပ် တည်ရှိရာ နေရာတွေကို တွင်တွင်ကျယ်ကျယ် တိုက်ခိုက်ချေမှုန်းလာပါတယ်။ 

လက်ရှိမှာ ဒရုန်းတွေကို အသုံးပြုပြီး PDF တပ်ဖွဲ့ဝင်တွေဟာ စခန်းသိမ်းတိုက်ပွဲတွေ၊ နောက်တန်း ဌာနချုပ်တွေ၊ တပ်ရင်းတွေကို အချိန်မရွေး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နိုင်နေပြီလို့ CDM ဗိုလ်ကြီး ညီသုတက သုံးသပ်ပြောပါတယ်။ 

ဒါ့ကြောင့် ဒရုန်းစစ်ဆင်ရေးဟာ နည်းပညာပိုင်းအရ သာလွန်ပြီး စစ်ကောင်စီ တပ်သားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

"စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေကိုသာ အဓိက အားထားပြီး စစ်ဆင်ရေး ပြုလုပ်နေတာပါ။ တချို့ တိုက်ပွဲတွေမှာ ကျွမ်းကျင်သူတွေ တွက်ထားတဲ့အခါ ဒေါ်လာ သန်းနဲ့ချီ ကုန်တာတွေရှိတယ်။ ကုန်ကျစရိတ်က သူတို့ဘက်မှာ များတယ်။ ထိရောက်မှုက နည်းပါးတယ်။ သူတို့ဘက်က Airstrike လုပ်လိုက်လို့ သက်ရောက်သွားတယ်ဆိုတာ အရပ်သားတွေ၊ မြင်သာထင်သာတို့ အဆောက်အအုံတွေပဲ လုပ်နိုင်တာ။ ဒီဘက်က ပြောက်ကျားစနစ်နဲ့ သွားတဲ့အတွက် ထိထိရောက်ရောက် မလုပ်နိုင်သေးဘူး။" 

"ကျနော်တို့ဆီမှာ အချိန်မရွေး ပျံနိုင်တဲ့ ဒရုန်းတွေ သုံးနိုင်တယ်။ ဒါသည် ၄၀ ရာခိုင်နှုန်းလောက် ခြိမ်းခြောက်နိုင်တယ်။ ပြောမယ်ဆိုရင် လက်နက်ကြီးနီးပါးလောက်ပဲ။ ချေမှုန်းရေး ရိုင်ဖယ်တွေရယ်၊ ဒရုန်းရယ်၊ လက်နက်ကြီးတွေရယ် ဟန်ချက်ညီညီ သုံးနိုင်မယ်ဆိုရင် ရလဒ်က သိသိသာသာ မြင့်သွားမယ်။ အခုအခြေအနေမှာ အဓိက ၃ ခု မှာ လက်နက်ကြီးတွေပဲ တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးပေမယ့် လက်နက်ငယ်နဲ့ ဒရုန်းတွေ သုံးနိုင်တဲ့အတွက် လက်နက်ပိုင်းဆိုင်ရာမှာ နောက်တဆင့် မြင့်လာတယ်။ မဟာဗျူဟာပိုင်းအရလည်း နောက်တဆင့် တက်လှမ်းနိုင်တဲ့ သဘောပါ" လို့ CDM ဗိုလ်ကြီး ညီသုတက ဒီဗွီဘီကို ပြောပါတယ်။

ဒရုန်းတွေကို တိုက်ခိုက်ရေးတွေအပြင် ကင်းထောက်လှမ်းရေးအတွက်မှာပါ အသုံးပြုလာနိုင်တာကြောင့် မြေပြင်တိုက်ပွဲတွေမှာ သက်ရောက်မှုတွေ ရှိလာတယ်လို့ ဒရုန်း စစ်ဆင်ရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့ CTU (ပြည်သူ့နည်းပညာအဖွဲ့) က ပြောပါတယ်။

"ရန်သူဘက်ကလည်း ကျနော်တို့ကို လေယာဉ်နဲ့ ဗုံးခဏခဏ လာကြဲနေတာ။ ဒါကို တန်ပြန်ဖို့အတွက် အနည်းဆုံးတော့ ကိုယ့်ဘက်က ဒရုန်းတွေ ရှိသေးတယ်ဆိုတဲ့ အခြေအနေတခုကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်ဘက်က တန်ပြန်လုပ်နိုင်တဲ့အရာတခုပေါ့။ ဒါကို မြင်လိုက်ရတော့ ကျနော်တို့ရဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေဟာ ပိုပြီး စနစ်ကျလာတယ်။ ဗျူဟာနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာလည်း ဒရုန်းရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်။ မြေပြင်ထိရောက်မှုအနေနဲ့ ဆိုရင်တော့ ကင်းထောက်လှမ်းတဲ့ နေရာမှာ ပိုပြီး တိကျတဲ့ အချက်အလက်ရလာနိုင်တယ်" လို့  CTU (ပြည်သူ့နည်းပညာ အဖွဲ့) တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၁၂၅ ကြိမ် လုပ်နိုင်ခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒရုန်း စစ်ဆင်ရေး ပြုလုပ်နေတဲ့ Falcon Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Falcon Wings ဒရုန်းတပ်ဖွဲ့ဟာ ကရင်နီ‌ဒေသ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ဒရုန်း စစ်ဆင်ရေးတွေ ဆက်လုပ်သွားဖို့ ရှိနေပါတယ်။ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အထိုင်ချ တပ်စွဲထားတဲ့ စစ်‌ရေးပစ်မှတ် နေရာတွေနဲ့ သူတို့ သွားလာတတ်တဲ့ နေရာတွေ အနားကို ပြည်သူတွေ မသွားကြဖို့ Falcon Wings အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက "ကျနော်တို့အဖွဲ့အနေနဲ့ ဒရုန်းနဲ့ ပတ်သက်ပြီး သုံးလာတာ တော်တော်ကြာနေပြီ။ ထိရောက်မှုလည်း အများကြီးရှိတယ်။ စကစဘက်ကို ကျနော်တို့ တော်တော်လေး လုပ်ဆောင်နိုင်ပြီ။ မြို့ထဲအထိ ဝင်ပြီးမှ သူတို့ရှိတဲ့ တည်နေရာအထိကို ချနိုင်တယ်ဆိုတော့ သူတို့အတွက် လုံးဝ တုန်လှုပ်ချောက်ချားတဲ့ အနေထားတခုလောက် လုပ်ဆောင်နိုင်ပြီ။ အဲ့ရက်ဆိုရင် သူတို့နားမှာဖြစ်ပြီး နောက်ပိုင်း ပတ်ပတ်လည်လည် စစ်ရှောင်ရှိတဲ့ နား၊ လူနေတဲ့ဘက်တွေ တကြောလုံးကို လက်နက်ကြီးတွေနဲ့ ပစ်လာတယ်။ လက်နက်ကြီးကိုတော့ ဒရုန်းနဲ့ ပစ်တာ မဟုတ်ဘူး။ သူတို့အနေနဲ့ ပတ်ရမ်းတာပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒရုန်းတပ်ဆင်မှု ကုန်ကျစရိတ်က အနိမ့်ဆုံး မြန်မာငွေ သိန်း ၅၀ ကနေ တချို့ ဒရုန်းတွေဆို အမြင့်ဆုံး သိန်း ၂၀၀၊ ၃၀၀ အထိ ကုန်ကျစရိတ် ရှိပါတယ်။ တချို့ ဒရုန်းတွေဟာ သေနတ် တလက်နီးပါး တန်ကြေးရှိပြီး တချို့ဒရုန်းတွေက သေနတ် ဈေးထက် ပိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူ၈ျီ လက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ တနှစ်တာအတွင်း ဒရုန်းပျံသန်း စစ်ဆင်မှုပေါင်း ၄၃၇ ကြိမ် တိုက်ပွဲဝင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

စစ်မြေပြင်သတင်းတွေအရ အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀၀ လောက် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပေမယ့် Federal Wings တပ်ဖွဲ့ဝင်တွေဘက်ကတော့ တချို့သာ ထိခိုက်မှုအနည်းငယ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ PDF တွေရဲ့ ဒရုန်း စစ်ဆင်ရေးဟာ စစ်ကောင်စီ တပ်သားတွေအတွက် စစ်ရေးအရ ဖိအားပေးလာနိုင်တဲ့ အနေအထားရှိတယ်လို့ သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024