DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် Non-CDM ဝန်ထမ်း ၂၇ ဦး NUG ထံသို့ အလင်းဝင်
DVB
·
January 16, 2023
စစ်ကိုင်းတိုင်းတွင် Non-CDM ဝန်ထမ်း ၂၇ ဦး NUG ထံသို့ အလင်းဝင်
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်နဲ့ ဗန်းမောက်မြို့နယ်တို့မှာ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်း ၂၇ ယောက်ဟာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဆီကို အလင်းဝင်လာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

လတ်တလော အလင်းဝင်ရောက်လာကြတဲ့ အဲ့ဒီ Non CDM ဝန်ထမ်းတွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေကို အလင်းဝင်လာကြဖို့  ဖိတ်ခေါ်ထားရာမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်အထိ အလင်းဝင်ရောက်လာကြသူ အရေအတွက်ဖြစ်တယ်လို့ အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ Non CDM ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ကြေညာချက် ထုတ်ပြန်ထားမှုအပေါ် အလင်းဝင်လာသူ များစွာရှိခဲ့တယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေး ဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားပါတယ်။

NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးမှာ ဝန်ကြီးက ပြောလိုက်တာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေအဖြစ် လုပ်ကိုင်ပေးနေကြတဲ့ Non CDM တွေနဲ့ CDM လုပ်ဖို့အတွက် နှိုးဆော်ထားပြီး မလိုက်နာဘူးဆိုရင် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်မယ်လို့လည်း  ဦးလွင်ကိုလတ်က ပြောထားပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ကလေး၊ တမူး၊ ဝက်လက်မြို့နယ်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့ရဲတပ်ဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီလိုဖွဲ့စည်းထားတာက CDM မလုပ်ဘဲ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဝန်ထမ်းတွေကို အရေးယူနိုင်ဖို့အတွက် ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရားစီရင်ရေးအတွက် မြို့နယ် ၁၀ ခုလောက်မှာ တရားသူကြီးအဖွဲ့တွေ ဖွဲ့စည်းထားပြီးတော့ ဒုစရိုက်မှုတွေကို စုံစမ်းစစ်ဆေးပြီး တရားစီရင်မှုတွေ စတင်နေပြီလို့ဆိုပါတယ်။

အုပ်ချုပ်ရေးလုပ်ငန်းတွေဟာ အင်မတန်မှ ကြီးလေးတဲ့တာဝန် ဖြစ်တာကြောင့် မြို့နယ်တွေအနေနဲ့ စနစ်တကျ ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းနဲ့ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေကိုလည်း လစ်ဟင်းမှုမရှိစေဖို့ ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေ အပါအဝင် ပြည်သူ့ဘက်တော်သား ဝန်ထမ်းတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ အရေအတွက်ကတော့ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013