
မွန်ပြည်နယ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး ဝင်းနိုင်ဦး စီးလာတဲ့ကားကို ဇန်နဝါရီ ၁၅ ရက် ည ၆ နာရီခွဲလောက်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ မုဒုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။
မြို့မ (၃) ရပ်ကွက်၊ ဦးစံဖေလမ်းမှာနေတဲ့ ဗိုလ်မှူးကြီးဟောင်း ဝင်းနိုင်ဦးကို အိမ်အပြန် စောင့်ပြီး အိမ်ခြံဝအနီးမှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာ ရတာ မရှိပေမဲ့ ကားကတော့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မုဒုံ(ပကဖ) က ဆိုပါတယ်။
ဒေသခံတွေကတော့ ဗိုလ်မှူးကြီး ဝင်းနိုင်ဦး(အငြိမ်းစား) ရဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရတာ မှန်ကန်ကြောင်းနဲ့ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ် မသိရဘူးလို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ၁၀ ဦး ထက်မနည်း ဖမ်းဆီးထားကာ မုဒုံမြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းပြီး တချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်မှူးကြီး ဝင်းနိုင်ဦး(အငြိမ်းစား)ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးပါတီ ကနေ မုဒုံမြို့နယ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဗိုလ်မှူးကြီး ဝင်းနိုင်ဦး(အငြိမ်းစား)ဟာ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA) မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။