
ရန်ကုန်မှာ လွတ်လပ်ရေးနေ့နောက်ပိုင်းကနေစပြီး ရွှေဘိုပေါ်ဆန်း တအိတ်ကို ကျပ် ၁၂၀၀၀ လောက်အထိ ဈေးတက်နေတယ်လို့ ရန်ကုန်မြို့က ဆန်ရောင်းချနေသူတွေက ပြောပါတယ်။
လွတ်လပ်ရေးနေ့မတိုင်ခင်က ရွှေဘိုပေါ်ဆန်းတအိတ်ကို အိမ်အရောက်ပို့ခအပါအဝင် ကျပ် ၇ သောင်း ဝန်းကျင်သာရှိပေမယ့် လွတ်လပ်ရေးနေ့နောက်ပိုင်းကစလို့ တပတ်ကျော်အတွင်း ကျပ် ၈ သောင်း ၄ ထောင်လောက်အထိ ဈေးတက်လာပြီး တခြား ဆန်အမျိုးအစားတွေလည်း ဈေးတက် နေတယ်လို့ သိရပါတယ်။
မြောက်ဒဂုံမြို့မှာ ဆန်ရောင်းချနေသူတဦးက “လွတ်လပ်ရေးနေ့မတိုင်ခင်က အိမ်အရောက်ကို ၇ သောင်းလောက်နဲ့ရသေးတယ် ။အခုက ၈ သောင်း ၄ ထောင်လောက်နဲ့မှ ရတော့တယ်။ တပတ်ကျော် အတွင်းမှာ ၁ သောင်းကျော်လောက်တက်လာတယ်။ ဘာလို့ တက်တာလဲတော့ မသိဘူး။ တခြားဆန်ဈေးတွေကလည်း လိုက်တက်နေတယ်”လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း ဆန်ဈေးတွေ တအိတ်ကို ကျပ် ၁ သောင်းကျော်အထိ မြင့်တက် ခဲ့တဲ့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ရွှေဘိုပေါ်ဆန်းတအိတ်ကို ပြင်ပပေါက်ဈေးနဲ့ သိပ်မကွာတဲ့ ဈေးနှုန်းနဲ့ရောင်းချပေးခဲ့ရဖူးပါတယ်။
၂၀၂၂ ခုနှစ်က တက်ခဲ့တဲ့ ဆန်ဈေးနှုန်းတွေဟာ အခုနှစ်အထိ ပြန်ကျတာမျိုး မရှိဘဲ တအိတ်ကို ကျပ် ၁ သောင်းကျော်လောက် ထပ်မံဈေးတက်လာတဲ့အတွက် ပြည်သူတွေအပြင် ဆန်ရောင်းချ နေသူတွေအနေနဲ့ လိုသလောက်မှာ ယူလို့ မရနိုင်တော့တဲ့အခြေအနေကြောင့် ဈေးကွက်အတွင်း အတော်လေး ဂယက်ရိုက်ခတ်နေတယ်လို့ သိရပါတယ်။