
မကွေးတိုင်း ကံမမြို့မှာ ဇန်နဝါရီ ၁၅ ရက်နေ့ညပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပ.က.ဖ ကနေ သိရပါတယ်။
ကံမမြို့ မြောက်ဘက် မြို့ဝင်ဂိတ်မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီရဲ့ ဂိတ်ကို ဇန်နဝါရီ ၁၅ ရက်နေ့ ည ၈ နာရီလောက်မှာ အဝေးထိန်းမိုင်း ၂ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ကံမမြို့နယ် ပ.က.ဖ တာဝန်ခံ K1 က ဒီဗွီဘီကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူ ရှိနိုင်ပေမယ့် အဝေးထိန်းမိုင်းနဲ့ ညအချိန်ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်လို့ အတိကျမသိရဘူးလို့ ဆိုပါတယ်။
ကံမမြို့မှာ တောင်ဘက်ဂိတ်နဲ မြောက်ဘက်ဂိတ် ၂ ခုရှိပြီး စစ်အုပ်စုက ခရီးသွားပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေပြီး ကုန်တင်ကားသမားတွေဆီကလည်း ငွေကြေးတောင်းခံတာတွေ နေ့စဥ်ပြုလုပ်နေကြတယ်လို့ K1 က ပြောပါတယ်။
ဒါ့အပြင် ကံမမြို့နယ်ထဲမှာ စစ်ကောင်စီက ကျင်းပမဲ့ အတုယောင်ရွေးကောက်ပွဲအတွက် စစ်ကောင်စီတပ်နဲ့ Non CDM ဝန်ထမ်းတွေ ပူးပေါင်းပြီး မဲစာရင်းကောက်ခံနေတာတွေ ရပ်တန့်ပေးဖို့နဲ့ ဆက်လက်လုပ်ဆောင်နေပါက ပူးပေါင်း ပ.က.ဖက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
သရက်မြို့နယ်နဲ့ မင်းတုန်းမြို့နယ်တွေမှာလည်း ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းနဲ့ ၁၄ ရက်နေ့ မနက်ပိုင်းတွေမှာ မိုင်းခွဲတိုက်ခိုက်ခံရပြီး အဆောက်ဦး အစိတ်ပိုင်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သရက်-ကံမ-မင်းတုန်း ပူးပေါင်း ပကဖ ကနေ သိရပါတယ်။
ပခုက္ကူမြို့နယ်မှာလည်း စစ်ဆေးရေးဂိတ်တခု ဇန်နဝါရီ ၁၃ ရက် မနက်ကနေ ညနေပိုင်းအထိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲတယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
ကန်တော်ရွာလမ်းဆုံမှာ ခရီသွားပြည်သူတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၃ ရက် မနက် ၈ နာရီကနေ ညနေ ၃ နာရီလောက်အထိ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၁၀ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ယောက် ထိမှန်ပြီး ၃ ယောက် သေဆုံးကာ ၄ ယောက်ဒဏ်ရာရသွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
ပြည်သူတွေရဲ့ ကားတွေကို စစ်ဆေးနေတဲ့အချိန် ဗုံးချလိုက်ရင် ပြည်သူတွေကို ထိခိုက်မှာစိုးလို့ စစ်သားတွေနေတဲ့ အဆောင်ကို ဗုံးချလိုက်တာကြောင့် ဖရိုဖရဲဖြစ်ပြီး ထွက်ပြေး သွားကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရဲဘော်တွေ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန် စစ်သားတွေဆီက MA1 သေနတ် ၁ လက်၊ ကျည်ဆန် ၂၅ တောင်နဲ့ ကျည်ဘောက်တခုကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
စစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးတဲ့အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို ဒီဗွီဘီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။