
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဗန်းမော်-မန်စီလမ်းပေါ်က ကောင်ဂျာယန်ကျေးရွာနားမှာ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က ငှက်ပျောသီးတင်လာတဲ့ ၁၂ ဘီးကား တိမ်းမှောက်တာကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကားမှောက်တာကြောင့် ငှက်ပျောဖာတွေနဲ့ ၁၂ ဘီးယာဥ်မှာ အနည်းငယ်ပျက်စီးခဲ့ပြီး အိမ်စီးကားငယ် တစ်စီးလည်း ပျက်စီးကာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့လို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေရပါတယ်။
ယာဥ်မောင်း တဦးက “အခုက လုပ်ငန်းရာသီချိန်ဆိုတော့ ၁၂ ဘီးကားကြီးတွေနဲ့ ငှက်ပျောတွေ၊ ကြံတွေ တင်ဆောင် မောင်းကြတာ။ လမ်းက ကြမ်းတယ်။ ကျဥ်းတဲ့နေရာတွေဆို ကားတစ်စီးမောင်းစာပဲရှိတာ ရုတ်တရက်ဆို ရှောင်ဖို့ မလွယ်ပါဘူး။ လမ်းအရမ်းကောင်းရင်လည်း တချို့က အရှိန်ပြင်းပြင်း မောင်းကြတော့ ဖြစ်လိုက်ရင် အကြီးကြီးတွေပဲ။ ဗန်းမော်ဘက်မှာ အက်စီးဒန့်ဖြစ်တာတွေ ခဏခဏကြားနေရတယ်”လို့ ပြောပါတယ်။
ဗန်းမော်မြို့ ၃ မိုင်ကွက်သစ်၊ မြို့ရှောင်လမ်းမကြီးမှာလည်း ဇန်နဝါရီ ၁၂ ရက်က ဘိလပ်မြေ တင်ဆောင်လာတဲ့ ကားတိမ်းမှောက်ခဲ့ပြီး ကျား ၃ ဦး၊ မ ၁ ဦး ဆေးရုံတင်ထားရကာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး တစ်ဦးမှာလည်း စိုးရိမ်ရအခြေအနေနဲ့ ဗန်းမော်မြို့ ပြည်သူ့ ဆေးရုံကြီးမှာ တက်ရောက်ကုသနေရပါတယ်။