DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်း၌ စစ်ကောင်စီလက်အောက် တာဝန်မထမ်းလိုသဖြင့် အုပ်ချုပ်ရေးမှူး ၂၄ ဦး နုတ်ထွက်
DVB
·
January 15, 2023
ပုဏ္ဏားကျွန်း၌ စစ်ကောင်စီလက်အောက် တာဝန်မထမ်းလိုသဖြင့် အုပ်ချုပ်ရေးမှူး ၂၄ ဦး နုတ်ထွက်
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ နုတ်ထွက်စာတင်ထားခဲ့ကြတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး အယောက် ၇၀ ကျော်ထဲမှ ၂၄ ယောက်က လုံးဝ ပြန်လည်တာဝန်မထမ်းဆောင်တော့ဘဲ အပြီးပြတ် နုတ်ထွက်သွားခဲ့ကြကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။

နုတ်ထွက်ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက "ကျနော်တို့က အလုပ်မလုပ်ချင်တော့လို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ အသီးသီး နုတ်ထွက်စာတင်ခဲ့ကြတာ အားလုံး ၇၀ ကျော်တင်ခဲ့ကြတာ။ အဲ့ဒီအထဲက ၂၄ ဦးက လုံးဝမလုပ်နိုင်ဘူးဆိုပြီး နုတ်ထွက်ခဲ့ကြတာပါ" လို့ ပြောပါတယ်။

အပြီးအပြတ် နုတ်ထွက်သွားခဲ့ကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ပိုးရွှီပြင်၊ ဆင်သီ၊ ဥယျာဉ်သာ၊ သြရမ၊ တောဖျားကန်ချောင်း၊ ပိန္နဲတော၊ ယိုးတရုပ်၊ င/ပြောက်ဆည်၊ ပန်းနီလာ၊ ဘုရားကြီး၊ ခွဆုံ၊ ခြင်္သေ့၊ ကာတီ၊ ဆားငံကန်၊ သားပုံ၊ အလယ်ချောင်း၊ မှိုဟင်းတော၊ ဘဲခိုးကြိမ်ချောင်း၊ မှင်းဇီချောင်း၊ ရင်းချောင်း၊ ညောင်ခုံ၊ ဆင်ထိန်းကြီး၊ မြတ်သောက်နန့် ကျော်ဇံ စတဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဖြစ်ပါတယ်။

အဆိုပါ အုပ်ချုပ်ရေးမှူးတွေဟာ တာဝန်တွေ ထမ်းဆောင်လိုစိတ်မရှိတော့လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေထံ အသီးသီး နုတ်ထွက်စာတင်ခဲ့ကြတာပါ။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA နဲ့ စစ်ကောင်စီတို့ အပစ်ရပ်ပြီးနောက် အဆိုပါနုတ်ထွက်စာတင်ထားခဲ့ကြတဲ့ အုပ်ချုပ်ရေးမှူး ၇၀ ကျော်ကို အေအေကခေါ်ယူပြီး တာဝန်ပြန်ထမ်းဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးတဦးက "ကျနော်တို့ ပုဏ္ဏားကျွန်းမြိုနယ်က နုတ်ထွက်စာတင်တဲ့ အုပ်ချုပ်ရေးမှူး ၇၀ ကျော်ရှိခဲ့တယ်။ ရက္ခိုင်တပ်တော်ကအားလုံးကိုခေါ်ပြီး ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့ လုံးဝမလုပ်တော့တာကြောင့် အပြီးသတ် နုတ်ထွက်လိုက်ကြတာပါ "လို့ ပြောပါတယ်။

အလားတူ ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁၉ ယောက်ဟာလည်း  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်မှာ နုတ်ထွက်စာတင်ခဲ့ကြပေမဲ့ အေအေရဲ့ တိုက်တွန်းမှုကြောင့် ပြန်လည်တာဝန်ထမ်းဆောင်နေကြတယ်လို့  ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013