
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ ဆန်တန်ချိန် ၂၆၆၅ တန်၊ ဆန်အိတ်ပေါင်း ၅၃,၃၀၀ တင်ဆောင်ထားတဲ့ MC – 11 ကုန်တင်သင်္ဘောဟာ စစ်တွေဆိပ်ကမ်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းကို ဇန်နဝါရီ ၁၃ ရက်မှာ စတင်ထွက်ခွာသွားပြီလို့ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
ဆန်တန်ချိန် ၂၆၆၅ တန် လုံးကိုတစ်ခါတည်းတင်ပို့လိုက်တာဖြစ်ပြီး ဆန်အမျိုးအစားကတော့ ဧည့်မထ ၅ မတ် ဆန် အမျိုးအစားတွေလို့ အသင်းတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအကြား ဆန်စပါးကုန်သွယ်မှု ဆိုင်ရာသဘောတူညီချက်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ဆန်တန်ချိန် ၂ သိန်းကို ဒီဇင်ဘာလ အတွင်း တင်ပို့ဖို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF နဲ့ လက်မှတ်ရေးထိုးထားခဲ့ကြတာပါ။
ဆန်တန်ချိန် ၂ သိန်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ဦးဆောင်ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် ခွဲတန်းနဲ့ ဝယ်ယူနေခဲ့ရာ ဒီအထဲက ရခိုင်မှ ဆန်တန်ချိန် ၂၆၆၅ (ဆန်အိတ် ၅၃၃၀၀ ) ပါဝင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှသိရပါတယ်။
အသင်း တာဝန်ရှိသူ တဦးက "ဘင်္ဂလားဒေ့ရှ်နိုင်ငံက သင်္ဘောက ဇန်နဝါရီ ၇ ရက်နေ့မှာ စစ်တွေကို ဝင်လာခဲ့တာ။ ဆန်အိတ် ၅ သောင်းကျော်ကို ၅ ရက်လောက် တင်ခဲ့ရတာပေါ့။ ဇန်နဝါရီ ၁၃ ရက်နေမှာ ဘင်္ဂလား စစ်တကောင်းဆိပ်ကမ်းကို စထွက်သွားပါပြီး။ Contract အရ ဆိုရင်တော့ ဒီဇင်ဘာလအတွင်းမှာ အပြီးတင် ပို့ရမှာ။ ဒါပေမဲ့ ဝယ်သူနဲ့ ရောင်းသူကြားထဲက နားလည်မှုတွေကြောင့် အချိန်အနည်းငယ် ကြန့်ကြာသွားရင်လည်း ညှိနှိုင်းပြီးတော့ တင်ပို့ ခဲ့ရတာ”လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှ တင်ပို့မယ့် ဆန်တန်ချိန် ၂ သိန်းကို ရန်ကုန်မြို့ ရွှေမဲဆိပ်ကမ်း၊ ဆူးလေဆိပ်ကမ်း၊ ပုသိမ်ဆိပ်ကမ်းနဲ့ စစ်တွေဆိပ်ကမ်းတို့ကနေ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က ဦးဆောင် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။