Home
မြန်မာသတင်း
စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ယောနှင့် ပုလဲမြို့များကို ထိန်းချုပ်ရန် ကြိုးစားနေ
DVB
·
January 13, 2023

စစ်ကိုင်း-ချင်းနယ်စပ် ယောနယ်ကို စစ်ကောင်စီက တကျော့ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး လူဦးရေစာရင်းတွေ ကောက်ယူနေသလို ပုလဲမြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကိုပါ အသုံးပြု ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီက စစ်ကိုင်း-မကွေး-ချင်းပြည်နယ် ချိတ်ဆက်ထားတဲ့ ပုံတောင်-ပုံညာလမ်းပိုင်းက မြို့နယ်တွေကို ဇန်နဝါရီလဆန်းပိုင်းကစပြီး အကြမ်းဖက် ထိန်းချုပ်ဖို့ ပြန်လည်ကြိုးစားနေတာပါ။ စစ်ကောင်စီက သူတို့ကျင်းပချင်တဲ့ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူတဲ့အလုပ်တွေ လုပ်နိုင်ဖို့ အခုလို နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။

ဂန့်ဂေါ ပကဖ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်အာရုံက “စစ်ကြောင်းထိုးတာက အခုလောလောဆယ် ကျနော်တို့ဘက်မှာ တောင်ပိုင်းမှာပဲ စစ်ကြောင်းထိုးတယ်ဗျ။ ဂန့်ဂေါနားနီး ပတ်ချာလည်လောက်ပဲ စစ်ကြောင်းထိုးနေတာ တွေ့ရတယ်။ ကျန်တဲ့နေရာတွေကို ထိုးတာ မတွေ့ဘူးဗျ။ ဂန့်ဂေါခရိုင်အတွင်းမှာဆိုရင် ထီးလင်းနားတဝိုက် စစ်ကြောင်းထိုးတယ်။ အဲ့ဒီစစ်ကြောင်းကတော့ ခလရ ၅၀ ထဲကို ပြန်ဝင်မလာဘဲနဲ့ အဲ့ဒီဘက်မှာပဲ တရွာဝင်တရွာထွက် မီးရှို့နေတဲ့ အနေအထားတွေ တွေ့ရတယ်။ ထီးလင်းနားနီး တဝိုက်ကတော့ ၇၅ ဦးလောက်ပဲ အင်အားရှိတယ်လို့ သတင်းတော့ ကြားနေရတာပေါ့။ ရွာက ၂၇ ရွာဗျ။ အိမ်ခြေက ၈၂၂ အိမ် မီးရှို့ခံထားရပါတယ်။ နွားတွေ ဝက်တွေ သတ်တယ်။ အဲ့လိုတွေလုပ်တယ်ဗျ။ ကျနော်တို့ဘက်မှာတော့ အင်တာနက်လိုင်း မဆိုထားနဲ့ ဖုန်းလိုင်းကိုတောင်မှ ၁၀ ရက်၊ ၁၅ ရက်၊ ၁ လ၊ ၂ လ အဲ့လိုတွေ ကြာအောင် ဖြတ်တာတွေ ရှိတယ်ဗျ။ မဲစာရင်းကောက်တာတွေကတော့ အခု ဂန့်ဂေါမြို့ပေါ် အနေအထားကတော့ လူဦးရေစာရင်းတွေ လိုက်ကောက်နေတယ်ဆိုတဲ့ အနေအထားတော့ ကြားနေရတယ်။ မဲစာရင်းရယ်လို့တော့ မဟုတ်ဘဲ လူဦးရေစာရင်း ကောက်နေတာတွေက ဒီမဲစာရင်းအတွက် ကောက်နေတယ်လို့ ယူဆရတယ်” လို့ ပြောပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်နဲ့ လမ်းပန်းခရီးချိတ်ဆက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဇန်နဝါရီ ၄ ရက်ကစပြီး ဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေက ပုလဲမြို့နယ်၊ ကမ်းထောင့်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်နေ့မှာ စခန်းထဲအထိ ဝင်ရောက်နိုင်ခဲ့တယ်လို့ ဒေသတွင်း PDF ခေါင်းဆောင်တွေက ပြောပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီက လေကြောင်းပစ်ကူ ၃ ကြိမ်အထိသုံးခဲ့ပြီး အခြေအနေကို ထိန်းသိမ်းခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီက တရွာဝင်တရွာထွက် မီးရှို့ခြိမ်းခြောက် ပစ်ခတ်တာတွေ ပြုလုပ်နေပါတယ်။

သခင်ဒေါင်းညိုအဖွဲ့ - ပုလဲမှ ကိုဒေါင်းညိုက “စခန်းနေရာစီးပြီးတဲ့နောက် မကြာဘူး တရက်နှစ်ရက်အတွင်း အင်ပင်ထိရွာက ပျူစောထီးတွေ ထွက်လာပြီးတော့ စောစောပိုင်းက ချထားတဲ့ ကမ်းထောင့်က အင်အား ၅၀ လောက်နဲ့ ပူးပေါင်းပြီး ကမ်းထောင်ရွာထဲက ပြည်သူတွေရဲ့ စည်းစိမ်တွေကို ခိုးယူ ဓားပြတိုက်ပြီး သူတို့ယူတယ်။ ပြန်တဲ့လမ်းမှာလည်း သရက်ကန်နဲ့ ဆူးပုတ်ကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်တွေ ဖြစ်သွားတယ်။ ဒီကောင်တွေက ကြွက်မနိုင် ကျီမီးနဲ့ရှို့ပြီးတော့ ဆူးပုတ်ကုန်းနဲ့ သရက်ကန်ရွာကို မီးရှို့သွားတယ်။ အိမ်ခြေကတော့ ခန့်မှန်းခြေ လေးငါးဆယ်လောက် ပါသွားမယ်ထင်တယ်။ မနေ့ကလည်း ညောင်ရင်းကုန်းမှာ သုံးလေးအိမ် အကြောင်းမဲ့ သက်သက် မီးရှို့သွားတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဒီကောင်တွေ တော်တော်လေး ကျဆင်းနေပြီလို့ ထင်မြင်ယူဆတယ်ပေါ့” လို့ ပြောပါတယ်။

ပုလဲမြို့နယ်ထဲမှာ ဇန်နဝါရီ ၄ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့ပေမဲ့ အတိအကျကို အတည်မပြုနိုင်သေးပါဘူး။ ဒေသတွင်း PDF ပူးပေါင်းအဖွဲ့တွေက ပုလဲမြို့နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ခဲ့ပေမဲ့ ထိန်းမထားနိုင်တာဟာ လက်နက်အင်အား မပြည့်စုံတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့်လို့ ဆိုပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့- ပုလဲမှ ကိုဥက္ကာက “ဒီလို မြေပြင်တိုက်ပွဲတွေ ဖော်ဆောင်လာတာ ဒါရောဆိုရင် အကြိမ် ၁၀၀ ကျော်ပါပြီ။ စခန်းသိမ်းတိုက်ပွဲတွေ ဖန်တီးထားနိုင်တာ ၅ ကြိမ် ၆ ကြိမ်ထက်မနည်း ရှိပြီပေါ့။ စခန်းတွေကို ပြန်လည်ထိန်းမထားနိုင်တာ ကျနော်တို့မှာ လက်နက်အင်အား မလုံလောက်တာရယ်၊ အနည်းဆုံး လေယာဉ်ကို ပစ်မချနိုင်တောင်မှ လေယာဉ်ကို ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေ မရှိတာရယ်၊ ဒါကြောင့်မို့ ထိန်းမထားနိုင်တာပါ။ မြေပြင်က အခက်အခဲတွေကို MOD လူကြီးတွေက သေချာလေးစိစစ်ပြီးတော့ ထောက်ပံ့သင့်တဲ့ လက်နက်တွေကို မြန်မြန်ထောက်ပံ့သင့်တယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တော်လှန်ရေးကာလကလည်း တော်တော်လေး အချိန်ကြာလာပြီဆိုတော့လေ။ မြေပြင်ကအဖွဲ့တွေ လုပ်လာရတာလည်း ၂ နှစ်နီးပါးလောက် ရှိနေပြီဆိုတော့၊ MOD ကြေညာထားတာလည်း ၁ နှစ်အတွင်း တော်လှန်ရေး ပြီးပြတ်အောင် လုပ်မယ်လို့ ကြေညာထားပေမဲ့ ခုချိန်အထိ မြေပြင်မှာ တကယ်တိုက်နေတဲ့အဖွဲ့တွေကို ထောက်ပံ့မပေးနိုင်သေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ၂၀၀၈ ဖွဲစည်းပုံအရ သူတို့အာဏာချုပ်ကိုင်နိုင်တဲ့ ကာလဟာ အခု ဇန်နဝါရီလကုန်မှာ ကုန်ဆုံးပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ သူတို့ရဲ့ပုံစံကို အသွင်တမျိုး ထပ်ပြောင်းနိုင်ရေး ကြိုးစားနေတာပါ။ ဒါပေမဲ့ လက်တွေ့အခြေအနေမှာတော့ ကရင်နီ၊ ကရင်၊ ကချင်၊ ရခိုင်၊ ချင်း စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ ထိတွေ့မှုတွေ ဖြစ်နေပြီး နိုင်ငံတဝန်း တိုက်ပွဲတွေ ဖြစ်ပေါ်နေတာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024