DVB Logo
Home
မြန်မာသတင်း
လေကြောင်းရန်ကာကွယ်ရေး ကူညီပေးရန် နိုင်ငံတကာကို NUG တိုက်တွန်းပန်ကြား
DVB
·
January 13, 2023
လေကြောင်းရန်ကာကွယ်ရေး ကူညီပေးရန် နိုင်ငံတကာကို NUG တိုက်တွန်းပန်ကြား
Donate to DVB

လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေအတွက် ကူညီပံ့ပိုးပေးကြဖို့ မိတ်ဘက်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတာတွေနဲ့ စပ်လျဉ်းပြီး ဇန်နဝါရီ ၁၂ ရက်မှာ ကြေညာချက်ထုတ်ပြန် ပြောလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီက အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တလဲလဲ ကျူးလွန်နေတာကြောင့် မြန်မာနိုင်ငံတဝန်း စစ်ဘေးရှောင်ပြည်သူတွေ တနေ့ထက်တနေ့ ပိုမိုတိုးပွားလာနေပြီး လူသားချင်းစာနာမှု အကူအညီတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ NUG အစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောပါတယ်။

အရပ်သားပြည်သူတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် လူသားချင်းစာနာမှု အကူအညီတွေကို လုံလောက်စွာ ကူညီထောက်ပံ့နိုင်ဖို့၊ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်အောင် အဘက်ဘက်က လုပ်ဆောင်ပေးဖို့နဲ့ ထိရောက်တဲ့ လေကြောင်းရန် ကာကွယ်ရေး အစီအမံတွေအတွက် လက်တွဲကူညီ ပံ့ပိုးပေးကြဖို့လည်း မိတ်ဘက်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို NUG က တွန်းထားပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး တိုင်းရင်းသားလူမျိုးတွေ အပါအဝင် ပြည်သူလူထုတရပ်လုံးအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ကျေးရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူလူထုအခွန်ဘဏ္ဍာငွေနဲ့ ဂျက်လေယာဉ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူကာ လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံအနှံ့ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့သလို ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တည်ရှိရာ ဗစ်တိုးရီးယားစခန်းကို ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်မှာ နှစ်ရက်ဆက်တိုက် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းအမျိုးသားတပ်ဦးဘက်က တပ်ဖွဲ့ဝင် ၅ ယောက် ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီက ဗစ်တိုးရီးယားစခန်းကို လေကြောင်းနဲ့ တိုက်ခိုက်ရာမှာလည်း ကလေးငယ်တွေ၊ အမျိုးသမီးတွေရှိရာ မိသားစုလိုင်းခန်းတွေနဲ့ ဆေးရုံ ဆေးခန်းတွေ၊ ဆေးပစ္စည်းသိုလှောင်တဲ့ နေရာတွေကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်တာကို ပြည်သူ့အစိုးရ အနေနဲ့ ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

မနေ့ကလည်း ကရင်ပြည်နယ် ဖာပွန်ခရိုင် လေးဝါးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲလို့  ခရစ်ယာန်ဘုန်းကြီး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ကာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013