Home
မြန်မာသတင်း
စစ်ခေါင်းဆောင်မိသားစု၏ ပိုင်ဆိုင်မှုများကို စစ်ဆေးဖော်ထုတ်ပေးရန် ထိုင်းအစိုးရကို NUG တိုက်တွန်း
DVB
·
January 13, 2023

မူးယစ်ဆေးဝါးနဲ့ လက်နက်ပွဲစား ထွန်းမင်းလတ်အမှုမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီး ပိုင်ဆိုင်မှုတွေကို ထိုင်းအာဏာပိုင်တွေက ဆက်လက်စစ်ဆေး ဖော်ထုတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး တာဝန်ရှိသူက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံသား မူးယစ်ဆေးဝါးနဲ့ လက်နက်ပွဲစား ထွန်းမင်းလတ်နဲ့ သူ့ရဲ့အပေါင်းအပါ ၃ ယောက်ကို ၂၀၂၂ စက်တင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။

ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထွန်းမင်းလတ်ကို ထိုင်းအာဏာပိုင်တွေက မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။

ထွန်းမင်းလတ်ကို ဖမ်းဆီးချိန် သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေထဲမှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး ပိုင်ဆိုင်တဲ့ ဘန်ကောက်မြို့က အဆင့်မြင့် ဇိမ်ခံကွန်ဒိုတခန်း၊ Siam Commercial Bank ဘဏ်စာအုပ်နှစ်အုပ် ပါဝင်ခဲ့တယ်လို့ Justice For Myanmar အဖွဲ့က ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ထွန်းမင်းလတ်ကို ဖမ်းဆီးပြီး စွဲချက်တင်ခဲ့ပေမဲ့ သူနဲ့ပတ်သက်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီး ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ဆက်လက်စုံစမ်း စစ်ဆေး အရေးယူတာမျိုး၊ တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “မြန်မာပြည်သူလူထုတွေ သန်းပေါင်းများစွာ စားမစရာမရှိ နေစရာမရှိ ဒုက္ခရောက်နေတယ်။ လူဦးရေရဲ့ သုံးပုံတပုံကျော် ၃၅ ရာခိုင်နှုန်းဟာ နေထိုင်စားသောက်ဖို့အတွက် အကူအညီ လိုအပ်နေတယ်။ လူဦးရေ ၁ ဒသမ ၅ သန်းကျော်ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် စစ်ပြေးဒုက္ခသည်တွေဖြစ်ပြီးတော့ ဒုက္ခရောက်နေကြတယ်။ စစ်ကောင်စီခေါင်းဆောင်ရဲ့ သားနဲ့သမီးကတော့ နိုင်ငံခြားမှာ အဆင့်မြင့် ကွန်ဒိုမီနီယံကြီးတွေဝယ်၊ ဇိမ်ခံပစ္စည်းတွေဝယ်၊ နိုင်ငံခြားဘဏ်မှာ ငွေတွေထည့်၊ ဘဏ်အကောင့်တွေဖွင့်၊ အဲ့ဒါတွေလုပ်နေတယ်ဆိုတာ အထောက်အထားနဲ့ တွေ့ရတာပေါ့နော်။ ဒီလိုမျိုးလုပ်တယ်ဆိုတာ မအံ့ဩပါဘူး။ ကြားသိနေပြီးသားပါ။ အခုကတော့ အထောက်အထား ခိုင်ခိုင်မာမာနဲ့ တွေ့ခြင်းအားဖြင့် ဒီလူတွေရဲ့ ပိုင်ဆိုင်မှုတွေ သူတို့တွေရဲ့ အကျိုးအမြတ်တွေဟာ မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုနဲ့ အဖမ်းခံထားရသူနဲ့ ပတ်သက်နေလား၊ အဲ့ဒီလူရဲ့ စီးပွားရေးတွေနဲ့ပတ်သက်ပြီး အကျိုးအမြတ်တွေ ရရှိနေလားဆိုတာ အိမ်ရှင်နိုင်ငံက လိုအပ်သလို စုံစမ်းစစ်ဆေးမယ်ဆိုတာ မျှော်လင့်မိပါတယ်” လို့ ပြောပါတယ်။

ထိုင်းအစိုးရ သိမ်းဆည်းရမိခဲ့တဲ့ ဘန်ကောက်မြို့က ကွန်ဒိုအခန်းဟာ စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်တာဖြစ်ပြီး အမေရိကန်ဒေါ်လာ တသန်းဝန်းကျင် တန်ကြေးရှိပါတယ်။ ဘဏ်စာအုပ် ၂ အုပ်ကတော့ စစ်ခေါင်းဆောင်ရဲ့ သမီးဖြစ်သူနာမည်နဲ့ ဖြစ်ပြီး ငွေကြေးတန်ဖိုး ဘယ်လောက်ထည့်သွင်းထားတယ်ဆိုတာတော့ အတိအကျ မသိရပါဘူး။ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားနဲ့သမီးတို့ဟာ အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတို့က အမည်ပျက်စာရင်း ကြေညာတာကို ခံထားရသူတွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဆီးစွဲချက်တင်ခံထားရတဲ့ ထွန်းမင်းလတ်ဟာ စစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို နိုင်ငံတကာ စီးပွားရေးလောကနဲ့ ဘဏ်တွေမှာ ငွေကြေးခဝါချတာ၊ အသွင်ပြောင်းတာတွေမှာ ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

ဆက်လက်ပြီး NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ဒေါ်လာသန်းနဲ့ချီပြီးတော့ ပိုင်ဆိုင်မှုတွေ ထိုင်းနိုင်ငံတခုတည်းမှာ ရှိနေတာနော်။ တခြားနိုင်ငံတွေ ဘယ်နိုင်ငံမှာ ရှိနေတယ်ဆိုတာ အခုတော့ မပေါ်သေးဘူးပေါ့။ ပြည်သူလူထုရဲ့ ဘဏ္ဏာငွေ၊ ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုတွေကို လုယက်ခိုးဝှက်ပြီးတော့ သူတို့တွေက အသုံးချနေတာဖြစ်တယ်။ နိုင်ငံတကာအနေနဲ့က စစ်ကောင်စီခေါင်းဆောင်နဲ့ သူတို့မိသားစုတွေ နိုင်ငံတကာ ငွေကြေးစနစ်ကို အသုံးချလို့မရအောင်၊ နိုင်ငံတကာမှာ ဘဏ်တွေမှာ သူတို့တွေ အသုံးချလို့မရအောင် ပိတ်ပင်တားမြစ်သင့်ပါတယ်။ သူတို့တွေရဲ့ နိုင်ငံတကာမှာရှိနေတဲ့ ပိုင်ဆိုင်မှုတွေကို စုံစမ်းစစ်ဆေးသင့်ပါတယ်။ တရားဝင်ရရှိတဲ့ငွေတွေ မဟုတ်ရင် သက်ဆိုင်တဲ့ အိမ်ရှင်နိုင်ငံနဲ့ နိုင်ငံတကာဥပဒေအတိုင်း အရေးယူဆောင်ရွက်သင့်ပါတယ်ဆိုတာ ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံနဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ အဖမ်းခံထားရတဲ့ ထွန်းမင်းလတ်နဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ ဖြစ်ပေမဲ့ ထိုင်းအာဏာပိုင်တွေက သိမ်းယူတာမရှိသေးဘူးလို့ Justice for Myanmar အဖွဲ့က ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားသလို ထိုင်းနိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းခဲ့တာ အချိန် ၈ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။ ထိုင်းစစ်တပ်အကြီးအကဲဟောင်း လက်ရှိဝန်ကြီးချုပ် ပရာယွတ်ဟာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူဖြစ်ပါတယ်။

Synergy လူမှုသဟဇာတဖြစ်ရေးအဖွဲ့ ဒါရိုက်တာ ကိုသက်ဆွေဝင်းက “ထိုင်းအစိုးရနဲ့ ဗမာဖက်စစ် စစ်တပ်နဲ့ ဘယ်လောက်တောင် နီးစပ်တဲ့ ဆက်ဆံရေး ရှိနေလဲဆိုတဲ့ဟာကိုလည်း အတွေးပွားစေတယ်။ မင်းအောင်လှိုင်မိသားစု ပိုင်ဆိုင်တဲ့ဟာတွေ တရားရုံးစစ်ဆေးချက်မှာလည်း ပေါ်မှာပါ နောက်ပိုင်းကြရင်။ အခုဖမ်းမိတဲ့အခါမှာလည်း ဒါတွေကို သက်သေအဖြစ် တွေ့တယ်။ ဆက်လိုက်ရမယ့်ကိစ္စကို မလိုက်ဘဲနဲ့ သူတို့ရပ်လိုက်တယ်။ အဲ့ဒီဟာတွေက ကျနော်တို့အတွက် စိတ်ပူဖို့ စိတ်ပျက်ဖို့ ကောင်းတယ်။ ဒီကိစ္စကို ဒီမှာတင်မရပ်ဘဲနဲ့ အရှေ့တောင်အာရှဇုန်မှာ ရှိကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့တွေ၊ တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးကို လိုလားတဲ့ နိုင်ငံတွေက နေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရကို ဝိုင်းပြီး တိုက်တွန်းတောင်းဆိုဖို့လိုတယ်။ ဒါကို ဘာကြောင့်မို့လို့ ဆက်မလုပ်တာလဲ ဆိုတာကိုလည်း ဆက်ပြီးတော့ မေးခွန်းထုတ်ဖို့ လိုပါတယ်ဗျ” လို့ ပြောပါတယ်။

မူးယစ်မှု၊ ရာဇဝတ်မှုတွေနဲ့ အဖမ်းခံထားရတဲ့ မြန်မာလုပ်ငန်းရှင်နဲ့ ပတ်သက်နေတဲ့ စစ်ခေါင်းဆောင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိုင်းအစိုးရက စုံစမ်းဖော်ထုတ်သင့်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့ ဥက္ကဋ္ဌ ချားလ်ဆန်တီယာဂိုက ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း အခုအမှုအတွက် ထိုင်းအစိုးရက ဆက်လက်စုံစမ်းဖော်ထုတ်ဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အိမ်နီးချင်း ထိုင်းနိုင်ငံဟာ သူတို့ရဲ့ လိုက်လျောညီထွေ နေထိုင်တဲ့မူကို ဆက်လက်ဆုပ်ကိုင်ထားပြီး ထိုင်း-မြန်မာ နယ်စပ်ကနေ ဝင်ရောက်ခဲ့တဲ့ မြန်မာစစ်ရှောင်ပြည်သူတွေကို အတိုင်းအတာတခုအထိ လက်ခံထားခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ပေါင်း ၇၀ ကျော် သမိုင်းမှာ မြန်မာစစ်အာဏာရှင်တွေနဲ့လည်း အလိုက်သင့် နေထိုင်ခဲ့တာဖြစ်ပြီး သူတို့နိုင်ငံစီးပွားရေးကို အထောက်အကူပြုမယ့် အချက်ကိုပဲ အဓိက မျက်မှောက်ပြုခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024