
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက ဘိလပ်မြေသယ် မော်တော်ယာဉ်တစီး တိမ်းမှောက်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဘိလပ်မြေတင်ဆောင်လာတဲ့ တုန်ဖုန်း (ဒေသအခေါ်) မော်တော်ယာဉ်ဟာ ၃ မိုင် မြို့ရှောင်ပတ်လမ်းမှာ တိမ်းမှောက်ခဲ့ပြီး အသက် ၅၀ ခန့်နဲ့ အသက် ၂၀ ခန့် အမျိုးသမီးနှစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့အတွက် ဗန်းမော်ပြည်သူ့ဆေးရုံမှာ ဆေးကုသပေးထားတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံတွေဆီက သိရပါတယ်။
ပရဟိတ ဆောင်ရွက်ပေးသူတဦးက “ဗန်းမော်ကနေ ဘိလပ်မြေတင်လာတဲ့ တုန်ဖုန်းကား ၃ မိုင်မြို့ရှောင်ပတ်လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ ကားဒရိုက်ဘာကတော့ ဘာမှမဖြစ်ဘူး။ ဘိလပ်မြေအိတ်တွေပိပြီး အမျိုးသမီးနှစ်ဦး သေသွားတယ်။ သုံးဦးကတော့ ဒဏ်ရာရတယ်။ ဒဏ်ရာတွေကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၉ ရက်ကလည်း ဗန်းမော်မြို့၊ မင်းလှရပ်ကွက်၊ အမှတ် ၄ အထကကျောင်း အနီးမှာ ဆွမ်းခံကြွလာတဲ့ ဦးပဉ္ဇင်းတပါးကို မော်တော်ယာဉ်တစီးက အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့လို့ ဦးပဉ္ဇင်းပျံလွန်တော်မူခဲ့ပါသေးတယ်။