
မြန်မာအကြမ်းဖက်စစ်ကောင်စီဟာ သူကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ မတရားအသင်းတွေကို ထိတွေ့ဆက်ဆံတာမလုပ်ဖို့ အာဆီယံကို သတိပေး တိုက်တွန်းလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောကြားခဲ့တဲ့ ကိစ္စ နဲ့ပတ်သက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ချက် သတိပေးလိုက်တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာ ဇန်နဝါရီ ၁၁ ရက် မနက်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပုံမှန်သတင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သက်ဆိုင်သူတွေအားလုံးဆွေးနွေးသွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။
ဒါနဲ့ ပတ်သက်ပြီး စစ်ကောင်စီက “အာဆီယံဟာ စည်းမျဉ်းကိုအခြေခံတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့ အညီ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်တွေနဲ့ အာဆီယံအခြေခံမူတွေနဲ့အညီ တိတိကျကျလေးစားလိုက်နာဖို့လိုအပ်ပြီး စစ်ကောင်စီ ကြေညာထားတဲ့ ဘယ်ကြမ်းဖက်အဖွဲ့ မတရားအသင်းနဲ့မှ ထိတွေ့ဆက်ဆံတာမလုပ်ဖို့ လိုအပ်ကြောင်း ထပ်လောင်းသတိပေးတိုက်တွန်းတယ်” လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်တာကို နိုင်ငံရဲ့ အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ နိုင်ငံရဲ့ ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှမစွက်ဖက်ရေး အခြေခံမူနဲ့ အညီ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှဦ ပါတီစုံဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်တာဝန်ယူမှာဖြစ်ပြီး မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဦးဆောင်ဖြေရှင်းနိုင်ရေးကိုရည်ရွယ်ပြီး အာဆီယံအထူးကိုယ်စားလှယ်ရုံးဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်လိုက်နာဖို့ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှား၊ စင်ကာပူနိုင်ငံတို့က စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။
မလေးရှားဝန်ကြီးချုပ်သစ် အန်ဝါ အီဘရာဟင်မ်ဟာ သူ့ရဲ့ပထမဆုံး သံတမန်ရေးရာနိုင်ငံခြားခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံစဉ်မှာ အာဆီယံကရေးဆွဲခဲ့တဲ့ မြန်မာ့အရေးဘုံသဘောတူညီချက်တွေကို လိုက်နာဖော်ဆောင်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ကြတယ်လို့ ဆိုပါတယ်။
အင်ဒိုနီးရှားသမ္မတ မစ္စတာ ဝီဒိုဒိုက “မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့လည်း အင်ဒိုနီးရှားရော မလေးရှားကပါ ကျနော်တို့ သဘောတူညီထားတဲ့ အချက် ငါးချက်ကို မြန်မာစစ်အာဏာရှင်တွေက လိုက်နာဖော်ဆောင်ဖို့ အရေးကြီးကြောင်း တူညီတဲ့အမြင် ရှိနေကြပါတယ်။ သဘောတူညီချက် ၅ ချက်ကို လိုက်နာဖော်ဆောင်ကြဖို့ မြန်မာစစ်အာဏာရှင်တွေကို ကျနော်တို့ တိုက်တွန်းလိုက်ပါတယ်” လို့လည်း ပြောပါတယ်
အလားတူ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်ကလည်း မြန်မာစစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက်ကို မြန်မြန်ဆန်ဆန်အပြည့်အဝ လိုက်နာဖော်ဆောင်ဖို့ အာဆီယံက တိုက်တွန်းနေဆဲဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
၂၀၂၃ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှိန်မြှင့် အရေးယူလုပ်ဆောင်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်းထားပါတယ်။