DVB Logo
Home
မြန်မာသတင်း
ဖာပွန်ခရိုင် လေးဝါးရွာကို စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ၊ ခရစ်ယာန် ဘုန်းကြီးအပါအဝင် ၄ ဦး သေဆုံး
DVB
·
January 12, 2023
ဖာပွန်ခရိုင် လေးဝါးရွာကို စစ်ကောင်စီလေယာဉ်ဖြင့်ဗုံးကြဲ၊ ခရစ်ယာန် ဘုန်းကြီးအပါအဝင် ၄ ဦး သေဆုံး
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဖာပွန်ခရိုင် တပ်မဟာ(၅) နယ်မြေ လူသောမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကက်သလစ်ဘုန်းကြီး တပါးအပါအဝင် ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကောင်စီတိုက်လေယာဉ် ၂ စီးဟာ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စု၊  လေးဝါးကျေးရွာကို ဗုံး ၃ ကြိမ်လာကြဲသွားတာလို့ ကေအန်ယူ တပ်မဟာ (၅)  ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“လေးဝါးရွာသား ကက်သလစ်အသင်းအုပ်ဆရာတဦးအပါအဝင် ၄ ဦး ထိခိုက်သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတယ်လို့ ခုလောလောဆယ်သိရတယ်။ နောက်ထပ် ထိခိုက် သေဆုံးနိုင်သေးတယ်လို့ ရွာသားတွေတယောက်က ပြောပြတယ်။ အခုအချိန်ထိ လူတွေကို ရှာဖွေစိစစ်လို့ မပြီးသေးဘူးလို့ ‌လည်း ပြောတယ်။"

ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီလောက်ကလည်း စစ်ကောင်စစ်တပ်က ကေအန်ယူ  ဒွယ်လိုမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လယ်ထူဖိုးဒေသထဲကို လေယာဉ်နဲ့ ဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံတွေရဲ့ ဆေးရုံတရုံ အပါအဝင် အဆောက်အဦအချို့ ပျက်စီးခဲ့ရပါတယ်။

ဒါကပြင် မနက် ၁၀ နာရီခွဲအချိန် အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ကေအန်ယူ တပ်မဟာ ၅  ဒွယ်လိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ ယာဂီထာဈေးထဲကို ဗုံး ၄ လုံး ထပ်မံ ကြဲချခဲ့တဲ့အတွက် ဒေါ်နွယ်နီနဲ့ သားနှစ်ဦး၊ ချွေးမတဦး နဲ့ အလုပ်သမား ၂ ဦး သေဆုံးခဲ့တယ်လို့ ကေအန်ယူ မူတြော်သတင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ တရက်တည်းမှာပဲ မနက် ၁၀ နာရီလောက်မှာ ဖာပွန်မြို့နယ်၊ ဒီဘူနိုရွာကို ဗုံးလာကြဲပစ်ခတ်သွားခဲ့လို့ ဒေသခံတယောက် ခါးအထက်ကျောပြင်မှာ ဗုံးစမှန် ဒဏ်ရာရပြီး အိမ်အဆောက်အဦ ၁ လုံး၊ ကား ၁ စီး ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။

ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေ ထွက်သွားဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၅ က ကြေညာပြီးနောက်ပိုင်း လေကြောင်းကနေ နေ့တိုင်းလာရောက်ပစ်ခတ်နေပါတယ်။

ဒါ့အပြင် တပ်မဟာ ၅ နဲ့ ထိုင်းဘက်ခြမ်း ဆက်သွယ်ထားတဲ့ သံလွင့်မြစ်ကို မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့ကစပြီး စက်လှေတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013