
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၆ အနောက်ရပ်ကွက်မှာ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့ပြီး စစ်ကောင်စီတပ်က လမ်းကိုပိတ်ဆို့ကာ ဖောက်ခွဲပစ်လိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲက ၆ အနောက်ရပ်ကွက် ဝေဇယန္တာ အနောက် ၁၂ လမ်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေ့လို့ စစ်အင်ဂျင်နီယာတပ်က လာရောက်ကာ ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“ကိုးနာရီခွဲလောက်မှာ ဗုံးပေါက်သံကြားတာ၊ စစ်တပ်က လမ်းပိတ်ပြီး ဖောက်တာ၊ လမ်းဘေးမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေ့လို့ ထပ်ရှာကြသေးတယ်၊ မတွေ့ဘူး။”
လက်လုပ်ဗုံးတွေ့ရှိခဲ့တဲ့ ဝေဇယန္တာ အနောက် ၁၂ လမ်းဘေးဝဲယာကို စစ်ကောင်စီတပ်က လက်ကျန်ဗုံးရှိ မရှိ စစ်ဆေးပြီး လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ရန်ကုန်က မြို့နယ်တချို့မှာ ဇန်နဝါရီ ၁ ရက်မှ ၁၂ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တဦးနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် သုံးဦးသေဆုံးကာ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။