
နေပြည်တော်ကောင်စီနယ်မြေ ပုပ္ပသီရိမြို့နယ် အမှတ် ၃ စစ်ကြောရေးနဲ့ တည်းခိုရေးတပ်မှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်တပ်က သင်တန်းပေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ထဲမှာလုပ်တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သင်တန်းကို လာတက်ကြသူတွေဟာ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ ဦးစီးအရာရှိအဆင့်တွေ ဖြစ်တယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က လူတွေရော သင်တန်းလာတက်တာတော့ လူစုံတယ်။ လဝကရော ထွေအုပ်ရော၊ အပြင်မှာ မလုပ်ရဲဘူး၊ စစ်တပ်ထဲမှာလုပ်တာ။”
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်ပြီး ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လဝက၊ ထွေအုပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးကို သင်တန်းစပေးနေတာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သင်တန်းက လေးရက်၊ စစ်တပ်က ဘာတွေသင်ပေးမလဲတော့ မသိဘူး။ တက်တဲ့သူတွေကလည်း လူဦးရေနဲ့ မဲစာရင်းပဲပြောတယ်။ ကျနော်တို့ကြားတာက လူဦးရေစာရင်းကောက်ရင်း UG လှုပ်ရှားမှုတွေပါ ထောက်လှမ်းလို့ရအောင် သင်တန်းပေးနေတယ်လို့ ကြားတယ်။”
အဆိုပါသင်တန်းကို ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်း၊ လဝကဦးစီးဌာနနဲ့ ထွေအုပ်မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးအရာရှိ ၁၀၀ ကျော် တက်ခဲ့တယ်လို့ လဝကဦးစီးဌာနမှ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“လူရွေးခေါ်တာဖြစ်မယ်၊ ကျမတို့ဌာနမှာ ဦးစီးအရာရှိတွေ အများကြီးပဲ၊ မပါဘူး။ လဝကဆိုပေမဲ့ စစ်တပ်ကအရာရှိလည်း ဖြစ်ချင်ဖြစ်နေမှာ။”
လတ်တလောမှာ နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ဇန်နဝါရီ ၉ ရက်ကစပြီး စစ်တပ်အစောင့်အရှောက်နဲ့ လူဦးရေစာရင်း ကောက်နေပေမဲ့ မြို့နယ်တချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်လို့ ဒုရဲအုပ်တဦးသေဆုံးပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့တာလည်း ရှိပါတယ်။