
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်မှာ ဇန်နဝါရီ ၁၁ ရက် ည ၈ နာရီလောက်က စစ်ကောင်စီ ရေးခရိုင် ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင် ဒုရဲမှူးလှိုင်မင်းသန့်ကို အဝေးထိန်းမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ဒီဗွီဘီကို ပြောပါတယ်။
အောင်သုခရပ်ကွက် နေအိမ်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ ဒုရဲမှူး လှိုင်မင်းသန့်ကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဒုရဲမှူးလှိုင်မင်းသန့် လဲကျသွားခဲ့သလို ဆိုင်ကယ်လည်း ထိခိုက်ပျက်စီးခဲ့တဲ့အတွက် သေဆုံးနိုင်ကြောင်းနဲ့ မြေပြင်အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဗိုလ်ကျန်ရစ်ကတော့ ဒုရဲမှူးလှိုင်မင်းသန့်ဟာ ပြည်သူတွေကို ဖမ်းဆီးတာနဲ့ ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ဆောင်ကြောင်း တိုင်ကြားလာတဲ့အတွက် မိုင်းဆွဲတိုက်ခဲ့တာ ဖြစ်ကြောင်းနဲ့ မိုင်းဆွဲတိုက်ခိုက်မှုမှာလည်း အားပြင်းတဲ့ယမ်းတွေ အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံတွေအဆိုအရ ဒုရဲမှူးလှိုင်မင်းသန့် မိုင်းဆွဲတိုက်ခိုက်ခံရမှုဟာ ညပိုင်းဖြစ်တာကြောင့် ဘယ်သူမှ ထွက်မကြည့်ရဲကြောင်းနဲ့ မိုင်းကွဲသံကြားရပြီးနောက် လူမှုကယ်ဆယ်ရေးကားတစီး မောင်းနှင်သွားတယ်လို့ ဆိုပါတယ်။
ရေးမြို့နယ်၊ လမိုင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်ကလည်း စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့ဝင် ရဲအုပ်ညီညီဝင်းကို ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ပစ်ခတ်ရှင်းလင်းထားပါတယ်။