ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ၃ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့ မြဝတီ-မဲဆောက်ကြားက ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတား အမှတ် (၁) ကို ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မနက်မှာ ပြန် ဖွင့်လိုက်ပြီဖြစ်ပါတယ်။
ထိုင်းဘက်ခြမ်းက တာ့ခ်ခရိုင်ဝန်နိုင်းဆုမ်ချိုင်း ကစ်ကျရိန်းရုန့်ရို့တ်နဲ့ မြန်မာဘက်ခြမ်းက မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်တို့ ဦးဆောင်ပြီး နှစ်နိုင်ငံက လဝက၊ အကောက်ခွန်၊ နယ်ခြားစောင့်တပ်၊ အလုပ်သမားရုံးစတဲ့ဌာနဆိုင်ရာ တာဝန်ရှိသူတွေရော နှစ်ဘက် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌတွေပါ ဒီကနေ့မနက် ၉ နာရီကျော်က အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်မှာ လာရောက်တွေ့ဆုံနှုတ်ဆက်ကြပြီး ထိုင်းလဝကရုံးထဲမှာ တွေ့ဆုံ မိတ်ဆက်ပွဲလုပ်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲမှာ နှစ်ဘက်တာဝန်ရှိသူတွေက ၃ နှစ်နီးပါးပိတ်ထားရတဲ့ တံတားပြန်ဖွင့်တဲ့ အတွက် နှစ်နိုင်ငံပြည်သူကြား ကူးလူးဆက်ဆံမှုပိုမိုကောင်းမွန်ရေး၊ ကုန်စည်စီးဆင်းမှုချောမွေ့ရေး၊ ကူးစက်ရောဂါပူးပေါင်းကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
တံတားပြန်ဖွင့်တဲ့အတွက် ကုန်သည်တွေအနေနဲ့ မိမိဝယ်ယူလိုတဲ့ ပစ္စည်းကို ကိုယ်တိုင်စိတ်တိုင်း ကျ လာရောက်ကြည့်ရှုရွေးချယ်နိုင်ကြောင်း၊ နှစ်နိုင်ငံကူးသန်းရောင်းဝယ်မှုတွေ ပိုမိုကောင်းမွန် လာဖို့မျှော်လင့်ကြောင်း ထိုင်းမြန်မာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ဒီဗွီဘီကို ပြောပါတယ်။
“ကုန်တွေကို လူကိုယ်တိုင်လာကြည့်နိုင်ပြီပေါ့။ ကျမတို့ဆီကပို့ကုန်ကိုကြည့်မယ်ဆိုရင် အရင်က ထိုင်းဘက်က နှစ်စဉ်နှစ်တိုင်း ပြောင်းတွေလာကြည့်ကြတယ်လေ။ မကြာခင် နှစ်လပိုင်းဆိုရင် ပြောင်းရာသီရောက်တော့မယ်။ ပြောင်းကိုလွတ်လွတ်လပ်လပ်လာကြည့်လို့ရတယ်။ ကျမတို့ ဘက်ကလည်း ဒီထိုင်းဘက်ကပစ္စည်းတွေကို လူကိုယ်တိုင်လာကြည့်လို့ရပြီ။ အရင်တုန်းက ပစ္စည်းတွေကို ဖုန်းကနေ အွန်လိုင်းကနေ ဗိုင်ဘာကနေပဲ ရောင်းကြ ဝယ်ကြ မှာယူကြနဲ့ အမှား အယွင်းလေးတွေရှိတတ်တာပေါ့နော်၊ အခုတော့ ငွေကြေးစီးဆင်းမှုမှာလည်း ထိုင်းဘက်ကဘဏ် တွေဆီသွားလို့ရပြီ၊ ထိုင်းဘက်က ဘုရားဖူးတွေလည်းလာလို့ရပြီ၊ ကျမတို့ဆီမှာလည်ပတ်စရာတွေ လည်းများတယ်လေ၊ နှစ်နိုင်ငံ ကုန်သွယ်မှုကော၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အားလုံးကောင်းပါတယ်။”
မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးကလည်း အနှစ်နှစ်အလလမျှော်လင့်ခဲ့ရတဲ့ တံတားကြီး အမှန်တကယ်ပြန်ဖွင့်လို့ ဝမ်းသာ ကြောင်း ၊ ရေရှည်ဖွင့်လှစ်သွားနိုင်ဖို့ ဗုံးသံ ၊ သေနတ်သံတွေ ထပ်မကြားပါရစေနဲ့လို့ ဆုတောင်း ကြောင်း၊ နှစ်နိုင်ငံကြားသွားလာနေတဲ့ပြည်သူတွေလည်း အန္တရာယ်ကင်းတဲ့ တရားဝင်လမ်း ကြောင်းကနေသာ သွားလာကြဖို့ တိုက်တွန်းကြောင်း ဒီဗွီဘီကို ပြောသွားပါတယ်။
နှစ်နိုင်ငံအဝင်အထွက် စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး ယာယီနယ်စပ်ဖြတ်လက်မှတ် (စာအုပ်အပြာ) လုပ်ရမှာဖြစ်ကာ ဂိတ်ဖြတ်သန်းခအနေနဲ့ မြန်မာဘက်မှာ ကျပ် ၂၀၀၀ နဲ့ ထိုင်းဘက်ခြမ်းမှာ ဘတ် ၂၀ ပေးရကြောင်း၊ မြန်မာမှတ်ပုံတင်တစ်ခုပဲပြရင် မနက် ၆ နာရီမှ ည ၈ နာရီထိ နေ့ချင်းပြန် တနေ့တာ လည်ပတ်ခွင့်ရှိပြီး သန်းခေါင်စာရင်းပါ ပြနိုင်ရင်တော့ ၇ ရက် လည်ပတ်ခွင့်ရတယ်လို့ ဆိုပါတယ်။
ထိုင်းကိုမဝင်ခင်တော့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးကြောင်း သက်သေ အထောက်အထားပြရတယ်လို့ ဆိုပါတယ် ။
ဒီကနေ့ပြန်ဖွင့်တဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတားမှာ အိမ်စီးကားနဲ့ ခရီးသည်တင်ကားတွေသာ ဖြတ်သန်းခွင့်ပြုပြီး ကုန်တင်ကားတွေဆိုရင်တော့ အမှတ် ၂ တံတားကနေ ဖြတ်သန်းရမှာဖြစ် ပါတယ်။
အမှတ် ၁ ချစ်ကြည်ရေးတံတားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်ဆောက်ခဲ့ပြီး အမှတ် ၂ တံတားကတော့ လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကမှ တည်ဆောက်ခဲ့တာပါ။
သောင်ရင်းမြစ်ပေါ် တည်ဆောက်ထားတဲ့ အဆိုပါချစ်ကြည်ရေးတံတား ၂ စင်းဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါပြီး ကိုဗစ်-၁၉ မဖြစ်ခင်က နှစ်စဉ်လည်ပတ်ငွေ ဘတ်သန်းပေါင်း ၁ သိန်းထိရှိကြောင်း၊ တံတားပိတ်ထားစဉ်ကာလမှာတော့ ကုန်သွယ်မှု လည်ပတ်ငွေ နှစ်စဉ်ဘတ်သန်းပေါင်း သောင်းဂဏန်းသာရှိတယ်လို့ မဲဆောက်ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။