DVB Logo
Home
မြန်မာသတင်း
စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် မြောင်မြို့နယ် ကျေးရွာတရွာကို NUG က ငွေကြေးထောက်ပံ့
DVB
·
January 12, 2023
စစ်တပ်မီးရှို့ဖျက်ဆီးသွားသည့် မြောင်မြို့နယ် ကျေးရွာတရွာကို NUG က ငွေကြေးထောက်ပံ့
Donate to DVB

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတရွာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားချင်းစာနာထောက်ထား‌ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ခံတို့က ဇန်နဝါရီ ၁၁ ရက်မှာ ငွေကျပ် ၃ သိန်း သွားရောက်ထောက်ပံ့ ကူညီခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မင်းမဲ့စရိုက်ဆန်ဆန် လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်တာတွေအပြင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကိုပါ အာဏာသိမ်း ၂ နှစ်နီးပါး ကာလတွေအတွင်းမှာ ကျူးလွန်လာနေတာ ဖြစ်ပါတယ်။

ISP Myanmar အဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်ဟာ ၂ သန်းနီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကာလတွေအတွင်း စစ်ကိုင်းတိုင်းထဲက ဒေသခံ ၇၉၄,၂၂၈ ယောက်ထက်မနည်း စစ်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တနိုင်ငံလုံးမှာ အများဆုံးဖြစ်လာခဲ့ပြီဖြစ်ကာ ဒီပမာဏဟာ စစ်ကိုင်းတိုင်းက လူဦးရေစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာမသိမ်းခင်နဲ့ သိမ်းပြီးကာလနှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ စစ်ပြေးဒုက္ခသည်အရေအတွက်ကလည်း ၁ သန်းကျော် ရှိလာခဲ့ပြီလို့ ISP Myanmar က ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အထားရယူပြီးတော့ စနစ်တကျစာရင်းပြုစုကာ မှတ်တမ်းတင်ဆောင်ရွက်နေတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013