
စစ်ကောင်စီက ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေ အလုံးစုံဖြေရှင်းနိုင်ဖို့ မလုံလောက်သေးဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေဟာ နိုင်ငံရေးပြဿနာဖြစ်ပြီး ဒီရွေးကောက်ပွဲတခုတည်းနဲ့ ဖြေရှင်းနိုင်ဖို့ မမြင်ဘူးလို့ ANP ဥက္ကဋ္ဌက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ အခုဖြစ်ပွားနေကြတဲ့ ပြဿနာတွေက နိုင်ငံရေးပြဿနာတွေဖြစ်တယ်။ နိုင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲတခုတည်းနဲ့ ဒီပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်မယ်လို့ ကျနော်မမြင်ဘူး။ ဘာဖြစ်လို့ဆိုတော့ ရှေ့မှာလည်း ၁၉၉၀ ရွေးကောက်ပွဲ ရှိခဲ့တယ်၊ ၂၀၁၀ ရွေးကောက်ပွဲ ရှိခဲ့တယ်၊ ၂၀၁၅ ရွေးကောက်ပွဲ ရှိခဲ့တယ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲတွေက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာ ကျနော်တို့ ကြုံခဲ့ပြီးဖြစ်တယ်။ ကျနော်တို့ ဖြတ်သန်းခဲ့ပြီးဖြစ်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေရော ပြည်တွင်းစစ်ဖြစ်နေတာတွေရော ဒါတွေအကုန်လုံးက နိုင်ငံရေးပြဿနာကြောင့် ဖြစ်နေကြတာဖြစ်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် ပြည်သူတွေကို ချပြနိုင်တဲ့၊ ပြည်သူတွေ စိတ်ဝင်စားနိုင်တဲ့ အခင်းအကျင်းတရပ်ကို ဖန်းတီးဖို့လိုတယ်။ အဲ့ဒီအခင်းအကျင်းကတော့ နိုင်ငံရေးကတိကဝတ်ဆိုတာ တခုကို ချပြပြီးတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့ နိုင်ငံရေးသဘောတူညီချက်တရပ်ကို သဘောတူညီချက် ပေးနိုင်ခဲ့ရင် ပြည်သူတွေကို ဒီနိုင်ငံရေးသဘောတူညီချက်တွေနဲ့ ရှေ့ကို ဘယ်လိုလုပ်သွားမယ်ဆိုတဲ့ ရှင်းလင်းချက်မျိုး အသိပေးတဲ့ပုံစံမျိုး လုပ်နိုင်ရင်တော့ ဒီရွေးကောက်ပွဲက တစုံတရာ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ မြင်တယ်။ ဒါပေမဲ့ အခုပြောနေတဲ့ ရွေးကောက်ပွဲဆိုတာကလည်း နိုင်ငံရေးကတိကဝတ် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့၊ ပြည်သူတွေကို နိုင်ငံရေးကတိကဝတ်ပေးနိုင်တဲ့ အခြေအနေတွေမှာ ရှိမနေသေးဘူး။”
လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တဲ့ အခြေအနေ အခင်းအကျင်းမှာ ရှိမနေသေးဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ဆက်ပြောပါတယ်။
“ရွေးကောက်ပွဲဆိုတာက ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍလည်း အရေးကြီးတယ်။ နိုင်ငံရေးပါတီတွေဟာ ပြည်သူတွေကို နိုင်ငံရေးပါတီတွေရဲ့ လုပ်ငန်းစဉ်တွေကို ချပြနိုင်ရမယ်။ ဆွေးနွေးနိုင်ရမယ်။ ပြည်သူတွေကို အသိပေးနိုင်ရမယ်။ အဲဒီအခါမှ မဲဆန္ဒရှင်ပြည်သူတွေက နိုင်ငံရေးပါတီတွေကို စိတ်ဝင်စားမှု ရှိမယ်။ ရွေးကောက်ပွဲမှာ တက်ကြွတဲ့ မဲပေးမှုတွေ ရှိလာမယ်။ အခုလက်ရှိ အခြေအနေက နိုင်ငံရေးပါတီတွေကိုယ်တိုင်က နိုင်ငံရေးလုပ်ငန်းစဉ်တွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရတဲ့ အခြေအနေ အခင်းအကျင်းမျိုးမှာ ရှိမနေသေးဘူးလို့ ကျနော်ပြောလိုတယ်။ အဲဒါကြောင့် အခုလက်ရှိ ရွေးကောက်ပွဲတခုတည်းနဲ့ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းသွားမယ် ဆိုတာကတော့ ပြည့်စုံလုံလောက်တဲ့ ဖြေရှင်းချက်မျိုး ဖြစ်ပေါ်လာစရာ မမြင်သေးဘူး။”
စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဝင်ရောက်ယှဥ်ပြိုင်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိခဲ့တဲ့ ရခိုင်အင်အားကြီး နိုင်ငံရေးပါတီကြီးတခု ဖြစ်ပါတယ်။