DVB Logo
Home
မြန်မာသတင်း
စစ်တွေဆိပ်ကမ်းအသုံးပြုရန်အသင့်ဖြစ်ပြီဟု အိန္ဒိယဝန်ကြီးပြော
DVB
·
January 12, 2023
စစ်တွေဆိပ်ကမ်းအသုံးပြုရန်အသင့်ဖြစ်ပြီဟု အိန္ဒိယဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့ကနေတစ်ဆင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ပေးမယ့် စစ်တွေဆိပ်ကမ်းဟာ တည်ဆောက်ပြီးစီးကာ အသုံးပြုဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ 

ကုလားတန်မြစ်ဝမှာတည်ဆောက်ထားတဲ့ အဲဒီဆိပ်ကမ်းကနေတဆင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းက ကုန်းတွင်းပိုင်း ပြည်နယ်တွေကို ဆက်သွယ်သွားလာနိုင်တော့မှာဖြစ်ပါတယ်။ 

“စစ်တွေဆိပ်ကမ်းဟာ တည်ဆောက်ပြီးစီးလို့ အသုံးပြုဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီစီမံကိန်းကို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံစောင့်ကြည့်ခဲ့ပါတယ်။ အခြေခံအဆောက်အဦဆောက်လုပ်ရေးနဲ့ ဆိပ်ကမ်းရေပြင်ရှင်းလင်းရေးလုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်ခဲ့တာကြောင့် ကျနော်တို့ကို ယုံကြည်မှု ရရှိခဲ့ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဆာဘာနန္ဒဆိုနိုဝယ် (Sarbananda Sonowal) က ပြောခဲ့ပါတယ်။

“ဒီစီမံကိန်းရဲ့ အသီးအပွင့်တွေကို မီဇိုရမ်အပါအဝင် တခြားပြည်နယ်တွေက ခံစားနိုင်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်အခြမ်းမှာတော့ ကားလမ်းဆက်သွယ်ရေးပြဿနာ နည်းနည်းရှိသေးတယ်။ အဲဒါတွေပြီးသွားရင် အားလုံးကောင်းသွားပါပြီ” လို့ သူကပြောပါတယ်။ 

မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်း (Lawngtlai) ခရိုင်ကနေ မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာ အရှည်ရှိတဲ့ နှစ်လမ်းသွား ကားလမ်းကိုလည်း ဖောက်လုပ်နေကြောင်း အိန္ဒိယ အခြေစိုက် NDTV သတင်းက ပြောပါတယ်။

ဒီစီမံကိန်းမှာ သယ်ယူပို့ဆောင်ရေးခရီးစဉ်ကို စစ်တွေဆိပ်ကမ်းကနေ ပလက်ဝအထိ ရေလမ်းအတိုင်းသွားပြီး ပလက်ဝကနေ အိန္ဒိယမြန်မာနယ်စပ်ကို ကားလမ်းကနေသွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ 

ကုလားတန်မြစ်ရဲ့ ဒီရေအတက်အကျ အနိမ့်အမြင့်ကွာခြားချက်ဟာ ၂ ဒသမ ၉ မီတာ ရှိပြီး မြစ်ကမ်းရေလှောင်တမံတွေမှာ ရေနည်းလာတဲ့ ဆောင်းရာသီကနေစတင်ကာ ရေလမ်းခရီးသွားလာရေး အခက်အခဲတွေရှိလာပါတယ်။ တစ်နှစ်ပတ်လုံး ရေလမ်းခရီးကနေ ပလက်ဝအထိသွားလာနိုင်အောင် ဒီစီမံကိန်းက ဆောင်ရွက်ထားပါတယ်။ 

ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဂူဟာဝါတီမြို့က ပန်ဒူးဆိပ်ကမ်းရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်သွားမယ့် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသ ရေလုပ်ငန်းစွမ်းရည်မြှင့်တင်ရေးစင်တာကို တက်ရောက်ဖွင့်လှစ်ရင်း ဆိပ်ကမ်းနဲ့ ရေလမ်းခရီးဆိုင်ရာ အခြေခံအဆောက်အဦးစီမံကိန်းနှစ်ခုကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အုတ်မြစ်ချသွားဖို့ရှိကြောင်း မစ္စတာ ဆိုနိုဝယ်က ပြောပါတယ်။

REF: PHOTO-NDTV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013