
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ အကျဉ်းထောင်မှာ ဇန်နဝါရီ ၆ ရက်က ထောင်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကိုဝေယံဖြိုးရဲ့ နာရေးကို မိသားစုရှိရာ ချောင်းသာမှာ ဇန်နဝါရီ ၁၂ ရက်နေ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုဝေယံဖြိုးရဲ့အလောင်းကို စစ်ကောင်စီဘက်က ပြန်မပေးခဲ့ပေးတာကြောင့် ရက်လည် နာရေးကိုတော့ အရိုးပြာနဲ့ ပြုလုပ်သွားရမှာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“အရမ်းမိုက်ရိုင်းတယ်၊ လူစိတ် နည်းနည်းလေးတောင် မရှိတော့ဘူး။ သူတို့ပစ်လို့ သေခဲ့ရပြီးပြီ၊ ဒါတောင် မိသားစုကို ကောင်းကောင်းသင်္ဂြိုဟ်ခွင့် မပေးဘူး။ ခုက ရက်လည်လုပ်ရမှာ။ ဒါပေမဲ့ နာရေးပုံစံဖြစ်သွားတာပေါ့” လို့ မိသားစုနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ကိုဝေယံဖြိုး ပစ်ခတ်ခံရပြီး သေဆုံးတဲ့ညမှာတည်းက မိသားစုက ပုသိမ်ထောင်ရှေ့မှာ သွားစောင့်နေခဲ့ပေမဲ့ တွေ့ခွင့်မရခဲ့သလို အလောင်းကို သင်္ဂြိုဟ်ချိန်မှာလည်း အဝေးကသာ ကြည့်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်စဉ်မှာ ကိုဝေယံဖြိုး သေဆုံးခဲ့သလို အကျဉ်းသား ၆၀ ကျော်လည်း ဒဏ်ရာတွေရရှိခဲ့ပြီး အဲဒီအထဲက ၄ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ပစ်ခတ်မှုမဖြစ်ခင်ညက ထောင်အာဏာပိုင်တွေ ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦးထဲက ကိုဝင်းမင်းထက်(ခ)ကိုမဲကြီးကတော့ ဇန်နဝါရီ ၁၁ ရက်နေ့ထိ သတင်းအစအန ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။