Home
မြန်မာသတင်း
ချင်းတွင်းမြစ်၌ စစ်ကောင်စီရေယာဉ်ပစ်ခတ်ခံရ၊ ဝက်လက်နှင့် ဂန့်ဂေါတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
January 11, 2023
Screenshot 2023-01-11 163610
324659152_738946194230280_5479885723977375736_n
323429811_874327530659143_4005495682860949455_n

စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်ကနေ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းဆီကို ဆိုက်ကပ်ဖို့လာတဲ့ စစ်ကောင်စီရေယာဉ်ကို ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရေယာဉ်ဟာ မုံရွာမြို့နယ်၊ အမြင့်အောက်ဘက်ရွာတွေကို မီးရှို့ပြီး အပြန်မှာ အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း-၁၆၊ တပ်ခွဲ-၁ တာဝန်ခံရာမက “(--)မော်တော်က တစီးတည်းပါဗျ။ ဆန်တက်လာတာကို ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဗျ။ ပစ်တဲ့လက်နက်တွေက လက်နက်ကြီး ပြောင်းတိုက်တွေနဲ့ အလုံးအရေအတွက် အများအပြားနဲ့ ပစ်ခဲ့တယ်ဗျ။ စစ်(--)တွေဘက်က ၂ ယောက် ငရဲကို ပို့နိုင်ခဲ့ပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိထားရတယ်” လို့ပြောပါတယ်။

စစ်ကောင်စီဘက်က ၂ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ပြောဆိုပေမဲ့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

အဲဒီပစ်ခတ်တာကို ယင်းမာပင်ခရိုင် တပ်ရင်း-၁၆၊ တပ်ခွဲ-၁၊ Brother Defense Force အဖွဲ့နဲ့ Brother Defense Force တပ်စိတ်-၁၊ Naung Gyi People Defense Force အဖွဲ့တို့ ပူးပေါင်းပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာတော့ မြို့မရဲစခန်းကို ဇန်နဝါရီ ၈ ရက်နေ့က  ဒေသကာကွယ်ရေးတပ်တွေ စုပေါင်းပြီး လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် မင်းစုရပ်ကွက်အစွန်ကို  ထွက်လာတဲ့ စစ်ကောင်စီ၊ ပျူစောထီး ပူးပေါင်းအဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။  

အဲဒီလိုပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တစ်ဦး လမ်းမှာတင်သေဆုံးသွားပြီး နောက်ထပ် နှစ်ယောက်ကတော့ ဆေးရုံမှာ ဆေးကုသရင်း သေဆုံးသွားတာလို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။ 

သေဆုံးသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတစ်လျှောက်‌ သေနတ်တွေပစ်ဖောက်ပြီး သင်္ချိုင်းကုန်းကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုတိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၂၀ လောက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အနီးကပ်သွားပြီးပစ်ခတ်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း အပြင်းအထန် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့  ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်)ရဲ့  စစ်ရေးတာဝန်ခံ ရဲဘော်လင်းညိုက ပြောပါတယ်။  

စစ်ကိုင်းတိုင်းထဲမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ဇန်နဝါရီ ၅ ရက်နေ့ကလည်း စစ်ကောင်စီအထိုင်ချထားတဲ့ ဟံလင်းပျူမြို့ဟောင်းကို ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာလည်း ဇန်နဝါရီ ၁၁ ရက် ဒီနေ့မနက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်လောက် ထိခိုက်နိုင်တယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ကနေ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ပျားရွာဘက်ကို ဇန်နဝါရီ ၁၀ ရက်က ရောက်ရှိနေတဲ့ ခလရ ၅၀ က အင်အား ၉၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာ အောင်မြင်ရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးဝင်လာလို့ ရွာအဝင်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့၊ CDF-KKG တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၅ ယောက်လောက် ထိခိုက်နိုင်တယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်လာနိုင်လို့ မိဘပြည်သူတွေအနေနဲ့ ဂန့်ဂေါ-မင်းရွာ ကားလမ်းကို လုံးဝအသုံးမပြုကြဖို့ သတိပေး တားမြစ်ထားပါတယ်။

ဂန့်ဂေါမြို့နယ်ထဲမှာ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်ကာ နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024