DVB Logo
Home
မြန်မာသတင်း
NUG နှင့် မြေပြင်သပိတ် ၁၂ ဖွဲ့ တွေ့ဆုံ၊ အားမနာတမ်း ဝေဖန်အကြံပြုကြရန် ယာယီသမ္မတ မေတ္တာရပ်ခံ
DVB
·
January 11, 2023
NUG နှင့် မြေပြင်သပိတ် ၁၂ ဖွဲ့ တွေ့ဆုံ၊ အားမနာတမ်း ဝေဖန်အကြံပြုကြရန် ယာယီသမ္မတ မေတ္တာရပ်ခံ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတနဲ့ ပြည်ထောင်စု ဝန်ကြီးချုပ်တို့ ဦးဆောင်ပြီး မြေပြင် သပိတ်အင်အားစု အဖွဲ့ပေါင်း ၁၂ ဖွဲ့နဲ့ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NUG အစိုးရကို အားမနာတမ်းဝေဖန် အကြံပြုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

“ကျနော်တို့ NUG အစိုးရကို အားမနာတမ်းဝေဖန် အကြံပြုကြဖို့လည်း အနူးညွတ် မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်တို့ဟာ ဘယ်သောအခါမှ “ငါတကော ကောပြီး” လုပ်ဆောင်တာမျိုး မဖြစ်စေရပါဘူး။ လူထုသဘောထား ဆန္ဒနဲ့အညီသာ အစဉ်တစိုက် လုပ်ဆောင်ဖို့ ကြိုးစားကြပါတယ်။ ဒါ့အပြင် အသက်အရွယ် ဖြတ်သန်းမှုအားဖြင့် ငယ်ရွယ်ပေမယ့် တော်လှန်သောသပိတ်အင်အားစုအသီးသီးမှာ ပါဝင်နေတဲ့ လူငယ်တွေကို လေးစားတန်ဖိုးထားမှု မလျော့ခဲ့ဘူးဆိုတာ အသိပေးချင်ပါတယ်။ ကျနော်တို့ဟာ လူထုလမ်းညွှန်မှုကို ခံယူသလို၊ သက်ဆိုင်ရာ သပိတ်အင်အားစုတွေရဲ့ သဘောထားအမြင်တွေကိုလည်း လေးစားစွာ နား ထောင်နေပါတယ်။ မှားတာ ရှိရင် ပြင်ဆင်ဖို့ ဘယ်သောအခါမှ နောက်မတွန့်ခဲ့ပါဘူး။ ယခုလည်း ဝေဖန်အကြံပြုချက်တွေကို တိုက်ရိုက်အားဖြင့်လည်းကောင်း / သွယ်ဝိုက်သော နည်းအားဖြင့် လည်းကောင်း ရရှိအောင် အမြဲမပြတ် ကြိုးစားနေပါတယ်။”

ဇန်နဝါရီ ၁၀ ရက်နေ့လယ်က ပြုလုပ်တဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး နွေဦးတော်လှန်ရေးဟာ စုဖွဲ့မှုအသီးသီးနဲ့ ပြည်သူ့ သဘောထားဆန္ဒအပေါ် အခြေခံပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို အသွင်သဏ္ဌာန်မျိုးစုံနဲ့ လုပ်ဆောင်နေကြတာဖြစ်ကြောင်းနဲ့ အခုတွေ့ဆုံတဲ့ သပိတ်အင်အားစု / တော်လှန်ရေးအင်အားစုအသီးသီးရဲ့ နံပါတ် ၁ ရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးဖြစ်ပြီး နောက်ထပ် ရည်မှန်းချက် နံပါတ် ၂ ကတော့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ NUG အစိုးရဟာ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး / စစ်ရေးတပ်ဦးကနေ ဦးဆောင်နေတယ်လို့ ဆိုပေမယ့် တော်လှန်ရေးအင်အားစု အသီးသီး / သပိတ်အင်အားစု အသီးသီးရဲ့ ယုံကြည်မှုကို မရရင် ကျ နော်တို့ ရှေ့ဆက်လို့ မရပါဘူး။ ဒါ့ကြောင့် NUG အစိုးရနဲ့ သက်ဆိုင်ရာ သပိတ်အင်အားစုအသီးသီးအကြား အပြန်အလှန် ယုံကြည်မှုရှိရေးကို ကျနော့်အနေနဲ့ အထူး အလေးထားကြောင်း ပြောချင်ပါတယ်။ တော်လှန်လူငယ် မျိုးဆက်တွေမှာ  အတွေးအခေါ်သစ်/ အမြင်သစ်နဲ့ တီထွင်ကြံဆမှုအသစ်တွေ ရှိနေတယ်ဆိုတာ ထင်ထင်ရှားရှား မြင်နေရပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်အချိန်ကို ရောက်ဖို့ နီးကပ်နေပြီ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်အထိ သပိတ်အင်အားစုအသီးသီးက လူထုနဲ့ နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံး အာရုံမပြတ် စောင့်ကြည့်ရမယ့် သပိတ်လှုပ်ရှားမှုတွေကို ခေတ်အမြင် / ခေတ်အတွေးအခေါ်နဲ့ အစဉ်တစိုက် လုပ်ဆောင်နေတာ  ကျနော့်အတွက် အံ့ဩဝမ်းသာရပါတယ်။ စဉ်ဆက်မပြတ်တွေ့မြင်နေရတဲ့ သပိတ်လှုပ်ရှားမှုပုံစံတွေဟာ ပြည်တွင်းက လူထုအတွက်ရော နိုင်ငံတကာ လူထုအတွက်ပါ အံ့ဩမင်သက်ရပါတယ်။ နွေဦးတော်လှန်ရေးဟာ အတွေးအခေါ်ဟောင်းတွေ ဓလေ့ဟောင်းတွေ အမူအကျင့်ဟောင်းတွေကို ခဝါချ စွန့်ပစ်ထားနိုင်ခဲ့ပြီဆိုတာကို ကျနော်ယုံကြည်ထားပါတယ်။ ဒီနေ့ တွေ့ရတဲ့ သပိတ် လှုပ်ရှားမှုတွေဟာ တော်လှန်ရေးသစ် တစ်ခုကို မွေးဖွားလိုက်ပြီလို့ ပြောချင်ပါတယ်။ ကျနော်တို့ဟာ အမှားဟောင်းတွေထဲကနေ ဖောက်ထွက်နိုင်ပြီလို့လည်း ယုံကြည်ထားပါတယ်။”

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးမှာ အခုလက်ရှိ တွေ့ဆုံရတဲ့ သပိတ်အင်အားစုအသီးသီးကို တည်ဆောက်ရေးအင်အားစုသစ်အဖြစ် မျှော်လင့်ထားကြောင်းနဲ့ တော်လှန်ရေးမှာ ပါဝင်သလို တည်ဆောက်ရေးမှာလည်း စွမ်းစွမ်းတမံ ပါဝင်ကြဖို့ အထူးမျှော်လင့်ထားတယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။ 

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013