DVB Logo
Home
မြန်မာသတင်း
“NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး” - ယာယီသမ္မတ ဒူဝါလရှီးလ
DVB
·
January 10, 2023
“NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး” - ယာယီသမ္မတ ဒူဝါလရှီးလ
Donate to DVB

အခု ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာထွက်ပေါ်ဖို့ အထူးမျှော်လင့်ထားပြီး “NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ပြုလုပ်တဲ့ NUG ရဲ့ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလနဲ့အတူ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက “၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအတွက် တဆစ်ချိုး အပြောင်းအလဲတွေ ရှိလာမယ့်နှစ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ဒီလို ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာအောင် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက မဟာမိတ် စစ်ရေးပေါင်းစည်းမှုကို သဘောထားကြီးကြီးနဲ့ ဝိုင်းဝန်းတည်ဆောက်နေကြတာကိုလည်း မြင်တွေ့နေရပါတယ်။ ကျနော်တို့နဲ့ မဟာမိတ်ဆက်ဆံရေးအားဖြင့် လက်တွဲထားတဲ့ တော်လှန်သော အစုအဖွဲ့တွေဆီကနေ ထိုက်သင့်တဲ့ စစ်ရေးအထောက်အပံ့နဲ့ စစ်ရေးအကူအညီတွေလည်း ရသင့်သလောက် ရထားကြတာ တွေ့ရလို့ ကျနော့်အနေနဲ့ အားတက်ရပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လတ်တလောကာလမှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည် ဦးရေကလည်း ပြည်တွင်းမှာရော နယ်စပ်ဒေသတွေမှာပါ အင်မတန်များပြားလာနေပြီး NUG အစိုးရအနေနဲ့လည်း လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ယာယီသမ္မတက ဆိုပါတယ်။

“လက်ရှိအခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာကို နွေဦးတော်လှန်ရေးရဲ့ အားသာချက်အဖြစ် ရှုမြင်ဖို့ လိုအပ်ပါတယ်။ စစ်ရေးစိုးမိုးဧရိယာတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ကိစ္စကို အထူးပြုလုပ်ဆောင်ဖို့လည်း ပြောချင်ပါတယ်။ စစ်ရေးစိုးမိုးနယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ကျကျ အသက်မသွင်းနိုင်ရင် အဲသည့်နေရာမှာ တကယ်ခုခံတော်လှန်နိုင်တာ မဟုတ်သေးဘူးလို့ တွက်ဆနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်မှသာ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ်မြဲမြဲနဲ့ ရရှိနိုင်မယ်လို့ ပြောချင်ပါတယ်။ ဒီအချက်ဟာ လက်တွေ့ဖြစ်နိုင်ခြေရှိသလို မြေပြင်မှာလည်း လက်တွေ့လုပ်ဆောင်နေတဲ့ ကိစ္စတွေဖြစ်တာ တွေ့ရပါတယ်။ ကျနော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျနော်မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ NUG အစိုးရဟာ အတိတ်ကဖြစ်ခဲ့တဲ့ နိုင်ငံရေးအမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ အထူးသဖြင့် ကျနော့်အနေနဲ့ ပြောချင်တာ တခုကတော့ NUG အစိုးရဟာ လေလှိုင်းထဲကအစိုးရ မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက် ဖြစ်ပါတယ်” လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို လက်တွေ့ရလဒ်နဲ့ သက်သေပြရမယ်ဆိုတာနဲ့ နိုင်ငံရေးမှာ ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေးဟာ အစိတ်အပိုင်းတခုအနေနဲ့ အရေးကြီးတာမှန်ပေမဲ့ သူ့ချည်းသက်သက်နဲ့ လုံးဝမရဘူး ဆိုတာနဲ့ လက်တွေ့နိုင်ငံရေးရလဒ်/ လက်တွေ့ စစ်ရေးရလဒ်တွေနဲ့ပဲ ပြည်သူလူထု ယုံကြည်မှုရအောင် စည်းရုံးကြဖို့အတွက် ယာယီသမ္မတက တိုက်တွန်းထားပါတယ်။

ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013