Home
မြန်မာသတင်း
ကန့်ဘလူနှင့် ကလေးမြို့တွင် စစ်တပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ
DVB
·
January 10, 2023

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နတ်အင်းကျေးရွာနဲ့ ညောင်ကိုင်းရွာမှာ အထိုင်ချနေတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ကို ကန့်ဘလူမဟာမိတ်အဖွဲ့တွေက ဇန်နဝါရီ ၉ ရက် မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ တရက်တည်း နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် အဖွဲ့တာဝန်ရှိသူတဦးက “၉ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က နတ်အင်းရွာမှာ အစည်းအဝေးလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို Kanbulu Underground Warriors၊ မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီနဲ့ ကန့်ဘလူမြို့နယ် L-PDF မြေပြင်မဟာမိတ် အဖွဲ့တွေက ၆၀ မမ ဗုံးသီး ၇ လုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ ည ၈ နာရီကျော် မှာလည်း ညောင်ကိုင်းရွာမှာ အထိုင်ချနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပျူစောထီး‌တွေကို ၆၀ မမ ဗုံးသီး ၅ လုံးနဲ့ ထပ်မံသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကန့်ဘလူမဟာမိတ်တပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ ထိခိုက်မှု အခြေအနေကို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားတဲ့ပျူစောထီးတွေက ကျေးရွာတွေက ဒေသခံပြည်သူတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက် ဖိအားပေးကာ စစ်သင်တန်းတက်ခိုင်းတာ၊ ဆက်ကြေးကောက်တာ၊ အနိုင်ကျင့် ဗိုလ်ကျတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဒိုးဝိုင်းချောင်းလမ်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ PDF (Kalay) ရဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့ (Operation MoMo) က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း၊ မိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အနီးပတ်ဝန်းကျင်ကို ၁၀ မိနစ်လောက် ပစ်ခတ်ခဲ့ကြောင်း ကလေးမြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အသင့်တပ်ဆင်ထားတဲ့ ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၃ ဦးထက်မနည်း ထိခိုက်တယ်လို့ အနီးပတ်ဝန်းကျင်က မျက်မြင်‌တွေက ပြောတယ်။ ကျနော်တို့ဘက်ကတော့ အတည်မပြုနိုင်ပါဘူး။ မိုင်းဆွဲပြီး ပြေးရတဲ့ အနေအထားမို့ပါ။ ကျနော်တို့ဘက်က ထိခိုက်ကျဆုံးမှု မရှိပါဘူး။”

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မ‌တွေ့ရသေးပါဘူး။

လတ်တလော ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက နေရာအနှံ့အပြားမှာ လုံခြုံရေးအင်အားတွေ အများအပြားချထားကာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းတွေ လိုက်ကောက်နေပြီး မြို့ပေါ်နေရာအနှံ့အပြားမှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024