Home
မြန်မာသတင်း
မြန်မာအိမ်ဖော်မလေးကို သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည့် စင်ကာပူအမျိုးသမီး ထောင်ဒဏ် ၁၄ နှစ်ကျ
DVB
·
January 10, 2023

မြန်မာအိမ်ဖော်မလေးကို အသက်သေဆုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အိမ်ရှင်စင်ကာပူနိုင်ငံသူ အမျိုးသမီးရဲ့ အမေဖြစ်သူကိုလည်း ပူးပေါင်းနှိပ်စက်ရာမှာပါဝင်မှုနဲ့ စင်ကာပူတရားရုံးက ဇန်ဝါရီ ၉ ရက်မှာ  ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ချင်းတိုင်းရင်းသူ ပြောင်ငိုင်ဒွန်းဟာ စင်ကာပူနိုင်ငံမှာ အိမ်အကူအဖြစ် အလုပ်လုပ်နေစဉ်  ၁၄ လကြာအောင် နေ့စဉ်လိုလို အကြိမ်ကြိမ် နှိပ်စက်ခံခဲ့ရပြီးနောက် လည်ပင်းမှာ ပြင်းထန်တဲ့ဒဏ်ရာနဲ့အတူ ဦးနှောက်ဒဏ်ရာရရှိကာ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ရတာပါ။

ဒီအမှုနဲ့ပတ်သက်ပြီး အိမ်ရှင်ရဲ့အမေဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ် စင်ကာပူနိုင်ငံသူ ပရီမာ အက်စ် နာရေနာဆာမိုင်ကို  ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ပြစ်မှု ၄၈ မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပြီး မနေ့က ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပြစ်မှုအများစုဟာ အိမ်အကူအမျိုးသမီးငယ်ကို ကိုယ်ထိလက်ရောက် နာကျင်စေမှုတွေ ဖြစ်တယ်လို့  စင်ကာပူအခြေစိုက် CNA သတင်းမှာ ရေးပါတယ်။ 

သူ့ရဲ့ပြစ်မှုတွေထဲမှာ အိမ်အကူအမျိုးသမီးငယ်ကို ရေနဲ့ပက်တာ သို့မဟုတ် ရေလောင်းချတာ၊ ခြေနဲ့ ကန်ကျောက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ လည်ပင်းကနေ ညှစ်ဆွဲတာ၊ လဲလျောင်းနေတဲ့ အနေအထားကနေ ဆံပင်ကိုဆွဲပြီး မ တာနဲ့ ခေါင်းကို ပြင်းပြင်းထန်ထန်အားနဲ့ ဆွဲလှည့်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဟင်းချက်ယောက်မ၊ အဝတ်သဘက်၊ ဆပ်ပြာရည်ပုလင်းနဲ့ ရိုက်နှက်တာတွေအပြင် အမျိုးသမီးငယ် အိမ်သာအသုံးပြုချိန်တွေမှာ စောင့်ကြည့်နှိပ်စက်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။ 

အိမ်အကူအမျိုးသမီးငယ်ဟာ ထိုးကြိတ်ကန်ကျောက်ခံရတာတွေ၊ သူ့ခန္ဓာကိုယ်အပေါ် တက်နင်းတာတွေ ခံစားခဲ့ရသလို ကိုယ်အလေးချိန် ၂၄ ကီလို (၅၃ ပေါင်ခန့်) လောက်သာ ကျန်တော့တဲ့အထိ အစာငတ်ခံထားခြင်းကိုလည်း ခံခဲ့ရပါတယ်။ 

သေဆုံးခါနီးရက်ပိုင်းတွေမှာ သူ့ကို ပြင်တင်းပေါက်သံတိုင်တွေနဲ့ ညအချိန်မှာ တွဲချည်ထားလေ့ ရှိသလို အိမ်က အမှိုက်ပုံးတွေထဲမှာ သတိလက်လွတ် အစာရှာဖွေမိတဲ့ အချိန်တွေမှာလည်း နှိပ်စက်မှုကို ခံခဲ့ရပါတယ်။ 

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၅ ရက် ညပိုင်းက ပရီမာ အက်စ် နာရေနာဆာမိုင်နဲ့ အတူ သူ့ရဲ့သမီးဖြစ်သူ ဂိုင်ယာသီရိမာရူဂါရန်တို့ရဲ့ ဝိုင်းဝန်းနှိပ်စက်မှုကြောင့် နောက်နေ့ ဇူလိုင်လ ၂၆ ရက်နေ့ မနက်အစောပိုင်းမှာ အိမ်အကူအမျိုးသမီးငယ် သေဆုံးခဲ့ရပါတယ်။ 

အစိုးရရှေ့နေက တရားခံ ပရီမာအတွက် ထောင်ဒဏ် ၁၄ နှစ်ကနေ ၁၆ နှစ်အထိ ချမှတ်ဖို့ တောင်းဆိုခဲ့ပေမဲ့ တရားခံရဲ့ရှေ့နေဘက်ကတော့ ထောင်ဒဏ် ၁၀ နှစ်သာချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ထိတ်လန့်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့လို့ အခုလို နှစ်ရှည် ထောင်ဒဏ်ချမှတ်ဖို့ တောင်းဆိုရတာဖြစ်တယ်လို့ လက်ထောက်အစိုးရရှေ့နေ ဆန်သီလ်ကူမာရန် ဆာဘာပသီက ပြောပါတယ်။

ဒီအမှုဟာ စင်ကာပူသမိုင်းမှာ အဆိုးရွားဆုံး အိမ်အကူ နှိပ်စက်ညှဉ်းပန်းမှုဖြစ်ကြောင်းနဲ့ ခန္ဓာကိုယ်ရော စိတ်ပိုင်းဆိုင်ရာကိုပါ ပြင်းပြင်းထန်ထန် နာကျင်ထိခိုက်စေမှုဖြစ်ပြီး ပရီမာရဲ့ ပူးပေါင်းပါဝင်နှိပ်စက်မှုနဲ့  ထိုက်ထိုက်တန်တန် အပြစ်ပေးသင့်တယ်လို့ ရှေ့နေက ပြောပါတယ်။ 

သေဆုံးခဲ့ရသူဟာ နေ့စဉ်နဲ့အမျှ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အနိုင်ကျင့်စော်ကားမှုတွေကို ခံစားခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

“သူ့မှာ တစ်ခုခုကို စားမယ်ဆိုရင်တောင် သူကို အရုပ်တစ်ရုပ်လိုမျိုး ဆွဲပြီး အိမ်ထဲကနေ လွှင့်ပစ်တာမျိုးတွေ လုပ်တာဟာ နည်းနည်းလေးမှ စာနာထောက်ထားမှုမရှိတဲ့ လုပ်ရပ်တွေဖြစ်တယ်။ ကျနော်တို့အများစုအနေနဲ့ ဒါမျိုးကို သက်မဲ့အရုပ်တွေအပေါ်မှာတောင် မလုပ်ကြဘူး။ အိမ်သာတက်ချိန်လေးတောင်မှ နှိပ်စက်ညှင်းပန်းမှုကနေ မလွတ်ဘူး။ သူ့ရဲ့ဘဝက အိပ်မက်ဆိုးကြီးထဲမှာ တကယ်လက်တွေ့ နေသွားရသလိုပဲ” လို့ ရှေ့နေကပြောပါတယ်။ 

ပရီမာရဲ့ သမီးဖြစ်သူမှာ စိတ်ရောဂါရှိတယ်လို့ သတ်မှတ်ခံရပေမဲ့ မိခင်ပရီမာကတော့ စိတ်ရောဂါရှိသူမဟုတ်ပါဘူး။ အိမ်ရှင်ဖြစ်သူ သူ့သမီးရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေကို တားမြစ်ရမယ့်အစား သူကပါ စိတ်လိုလက်ရတက်ကြွစွာ ပူးပေါင်းပါဝင် နှိပ်စက်ညှဉ်းပန်းခဲ့တာဖြစ်ပါတယ်။ 

ပရီမာရဲ့ သမီး အိမ်ရှင်  ဂိုင်ယာသီရိကိုလည်း ၂၀၂၁ ခုနှစ်မှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်အပြစ်ပေးခဲ့ပါတယ်။ ထောင်ဒဏ်ထက်ဝက်လျှော့ချပေးဖို့   ဂိုင်ယာသီရိရဲ့ အယူခံကိုလည်း တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။ 

အမိန့်မချမီ ၆ နှစ်ခွဲကြာ  ရမန်ချုပ်ရက်တွေအတွင်း သူလုပ်ခဲ့တာမှားတယ်လို့ ပရီမာက ပြောခဲ့ကြောင်း တရားခံ ရှေ့နေက ပြောပါတယ်။ 

“သူ့ရဲ့ အပြစ်တွေကို သူခံစားနေရပါတယ်။ ရမန်ချုပ်ရက်ကာလအတွင်းမှာ သူ့ရဲ့ကျန်းမာရေးအခြေအနေဟာ သိသိသာသာဆိုးရွားလာတာကို ကြည့်ရင် သူ့ရဲ့အပြစ်တွေကို သူပြန်ခံစားနေရတာကို မြင်နိုင်ပါတယ်။ သူ့ကို ယုတ်မာကောက်ကျစ်သူတစ်ယောက်အဖြစ်နဲ့ ပုံဖော်ခံနေရပြီး ဒါဟာ မျှတမှုမရှိဘူးလို့ ထင်ပါတယ်” လို့ ပရီမာရဲ့ ရှေ့နေကပြောခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။ 

ပရီမာရဲ့သမီးဖြစ်သူ အိမ်ရှင် ဂိုင်ယာသီရိမာရူဂါရန်ဟာလည်း အိမ်အကူအမျိုးသမီးငယ်ကို သေစေမှု၊ နှိပ်စက်မှုတွေနဲ့ ၂၀၂၁ ခုနှစ်မှာ ထောင်ဒဏ် နှစ် ၃၀ ပြစ်ဒဏ် ကျခံနေရတာဖြစ်ပါတယ်။ 

စင်ကာပူနိုင်ငံမှာ အိမ်ရှင်ရဲ့ နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့ မြန်မာအိမ်ဖော်မလေး ပြောင်ငိုင်ဒွန်းရဲ့ ရုပ်အလောင်းကို သြဂုတ် ၁၃ ရက်က စင်ကာပူကနေ မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့ပြီး    သြဂုတ် ၁၇ ရက်မှာ သူရဲ့ဇာတိမြေ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဒဲမ်ပီရွာ ကျေးရွာမှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

ပြောင်ငိုင်ဒွန်းဟာ  စင်ကာပူနိုင်ငံမသွားခင် သူရဲ့ ၂ နှစ်နဲ့ ၈ လသားအရွယ် သားငယ်ကို အစ်ကို၊ အစ်မတွေဆီအပ်ထားပြီး မိသားစုကို ပိုမိုထောက်ပံ့လိုတဲ့အတွက် စင်ကာပူမှာ အိမ်အကူအဖြစ် သွားရောက် အလုပ်လုပ်ကိုင်တာဖြစ်ပါတယ်။ 

Ref- CNA

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024