
တနင်္သာရီတိုင်း၊ ထားဝယ်ဒေသ အခြေစိုက်၊ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဗျူဟာမှူး ဖထီးဟာ စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က ဇန်နဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဥသြစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးလည်းဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် ဖထီးဟာ ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီတပ်တွေနဲ့ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ ဘဲမတ်တပ်တောင်တိုက်ပွဲမှာ ကျည်ဆန်ထိမှန် ကျဆုံးခဲ့တာလို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ကျဆုံးသူရဲ့အလောင်းကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ရယူနိုင်ခဲ့ပြီး မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီလို့ သိရပါတယ်။
ထားဝယ်-ထီးခီးနယ်စပ် ကားလမ်းမပေါ်မှာရှိတဲ့ ဝကုန်းကျေးရွာနဲ့ အနီးတဝိုက်မှာ ဇန်နဝါရီ ၇ ရက်ကနေ ၉ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု ရှိနေပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ကျေးရွာတွေထဲကို ပစ်ခတ်တဲ့အပြင် လူနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ တိုက်ပွဲပြင်းထန်နေတာကြောင့် ထားဝယ်-ထီးခီးနယ်စပ်ဂိတ် ကားလမ်းမကြီးကို ဖြတ်သန်းအသုံးမပြုကြဖို့လည်း ထုတ်ပြန်ထားပါတယ်။