
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ဇန်နဝါရီ ၉ ရက်ကစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လက်နက်တွေကိုင်ဆောင်ပြီး တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းတွေ လိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေနဲ့ လက်နက်ကိုင်တွေက တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံနေတာလို့ ဆိုပါတယ်။
ရေကြည်မြို့နယ် ဒေသခံတဦးက “ဒီနေ့မနက်က အိမ်ကို အိမ်ထောင်စုစာရင်း လာကောက်သွားတယ်။ သေနတ်တွေကိုင်ပြီး အိမ်ထောင်စုစာရင်းကောက်တာ ဒီတခါပဲ ကြုံဖူးသေးတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေ၊ မှတ်ပုံတင်ရုံးကလူတွေ၊ ရဲနဲ့ စစ်တပ်က သေနတ်တွေ ကိုင်ပြီး အိမ်ထောင်စုစာရင်း လိုက်ကောက်နေတယ်။ သူတို့ ရွေးကောက်ပွဲလုပ်ဖို့ လိုက်ကောက်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်း ကောက်ခံတာ ဖြစ်ကြောင်း ပြောဆိုတာတော့မရှိဘဲ လက်နက်ကိုင်တပ်ဖွဲ့နဲ့ အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူနေတာဖြစ်ပြီး အိမ်ထောင်စုစာရင်းထဲမှာ ပါပေမဲ့ ရပ်ဝေးမှာ ရောက်ရှိနေသူတွေကတော့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေဆီ မှတ်ပုံတင်မိတ္တူတွေ ပေးကြရပါတယ်။
“ရွေးကောက်ပွဲအတွက်လို့တော့ မပြောဘူး။ အိမ်ထောင်စုစာရင်း လိုက်ကောက်တယ်။ သေနတ်တွေတကားကားနဲ့ စစ်တပ်နဲ့ ရဲတွေပါ တွေ့ရတယ်။ အိမ်ထောင်စုစာရင်းထဲမှာပါပြီး ရပ်ဝေးမှာ အလုပ်သွားလုပ်တဲ့သူတွေရှိရင် မှတ်ပုံတင်မိတ္တူ ပေးထားရတယ်” လို့ မြန်အောင်မြို့နယ် ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံနေပေမဲ့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကို ဘယ်အချိန်မှာ ပြုလုပ်မယ်ဆိုတာ တိတိကျကျ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဇန်နဝါရီ ၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ယူတဲ့လုပ်ငန်းကို ငြင်းဆန် မပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေတ္တာရပ်ခံထားပြီး အိမ်ထောင်စုစာရင်း လိုက်လံကောက်ယူနေတဲ့ စစ်အုပ်စု လက်အောက်ခံအဖွဲ့ကသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆို အရေးယူမှာဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။